နိုင်ငံရေးအကျဉ်းသားများ

September 30, 2020

ဘယ်လာရုစ် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ကူညီမည်ဟု ပြင်သစ်သမ္မတ ကတိပြု

ပြင်သစ်သမ္မတ အီမန်နျူရယ်မာခွန်းက ဘယ်လာရုစ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရေးကူညီဖို့  ကတိပြုခဲ့တယ်လို့ အတိုက်အခံ ခေါင်းဆောင် ဆစ်ခန်နော့ဟိုစကာက စက်တင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။ လစ်သူရေးနီးယားနိုင်ငံ ခရီးစဉ်အတွင်း ပြင်သစ်သမ္မတ မာခွန်းဟာ ဘယ်လာရုစ် အတိုက်အခံ ခေါင်းဆောင်နဲ့  တွေ့ဆုံခဲ့ပါတယ်။ သြဂုတ် ၉ ရက် ဘယ်လာရုစ်သမ္မတ ရွေးကောက်ပွဲအပြီးမှာတော့ အတိုက်အခံခေါင်းဆောင် ဆစ်ခန်နော့ဟိုစကာဟာ အိမ်နီးချင်း လစ်သူယေးနီးယားကို ထွက်ပြေးခဲ့ပါတယ်။   ရွေးကောက်ပွဲဟာ မသမာဘူးလို့ အတိုက်အခံတွေကဆိုပြီး မြို့တော်မင့်စ်မှာ ပြည်သူ သောင်းနဲ့ချီ သီတင်းပတ် ၇ ပတ်ဆက်တိုက် သမ္မတ လူကာရှန်ကိုကို ရာထူးက နုတ်ထွက်ပေးဖို့  ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ပြင်သစ်သမ္မတ မာခွန်းက တရားဥပဒေနဲ့မညီတဲ့ ဖမ်းဆီးတာတွေ မလုပ်ဖို့နဲ့  ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဘယ်လာရုစ် အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ဘယ်လာရုစ်ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ပြင်သစ်နဲ့ လစ်သူရေးနီးယားနှစ်နိုင်ငံ သဘောတူခဲ့တယ်လို့လည်း လစ်သူရေးနီးယား သမ္မတ ဂီတန်းနက်စ်နော်စီဒါက ပြောခဲ့ပါတယ်။
6 months Ago

June 8, 2020

ပဲခူးတိုင်းက နိုင်ငံရေးအကျဉ်းသားများအတွက် စားနပ်ရိက္ခာထောက်ပံ့

ကိုဗစ်-၁၉ ရောဂါကပ်ဘေးကာလမှာ အခက်အခဲကြုံတွေ့နေရတဲ့ ပဲခူးတိုင်းအတွင်းက နိုင်ငံရေးအကျဉ်းသားတွေအတွက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်နဲ့ အစိုးရက  စားနပ်ရိက္ခာစ္စည်း ၇ မျိုး ထောက်ပံ့ကူညီခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံမှာ  ပျံ့နှံ့လာခဲ့တာ  ၂ လလောက် ကြာလာပြီဖြစ်တာကြောင့် စားဝတ်နေရေး အဆင်မပြေဖြစ်ပေါ်မှုတွေ နေရာအနှံ့အပြားမှာဖြစ်ပေါ်တဲ့အတွက် ပဲခူးတိုင်း လွှတ်တော်နဲ့အစိုးရအဖွဲ့တို့ရဲ့ အစီအစဉ်နဲ့ ပဲခူးတိုင်းအတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို ဆန်၊ ဆီ အပါအဝင် ကုန်ခြောက်ပစ္စည်း ၇ မျိုးကို ဝေငှပေးခဲ့တာလို့ ပဲခူးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ပြောပါတယ်။ အစိုးရအဖွဲ့က အခုလိုနိုင်ငံရေးအကျဉ်းသားတွေကို အသိအမှတ်ပြုလှူဒါန်းတာနဲ့ ပတ်သတ်ပြီး ဝမ်းသာမိပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တရားဝင် အသိအမှတ်ပြုပေးဖို့ လိုအပ်တယ်လို့ ပြည်ခရိုင်နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ဝင် ဦးကျော်ဆန်းက ပြောပါတယ်။ အကျဉ်းထောင်ထဲကရလာတဲ့ဒဏ်တွေကြောင့် သေဆုံးသွားခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသား တွေရဲ့ မိသားစုဝင်တွေအတွက်လည်း ဒီထက်မက အကူအညီတွေပေးဖို့ လိုအပ်နေတယ်လို့  ပေါင်းတည်မြို့နေ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးရဲ့ ဇနီး ဒေါ်တင်တင်ဦးက ပြောပါတယ်။ ပဲခူးတိုင်းအတွင်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်း ၄၅၀ လောက်ရှိပြီး တစ်ယောက်ကို ငွေကျပ် ၁၅၀၀၀ ကျပ်နှုန်းနဲ့ စားနပ်ရိက္ခာ ၇ မျိုးကိုပေးအပ်ခဲ့ပြီး လှူဒါန်းတဲ့ ပစ္စည်းတွေကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့တွေက အိမ်တိုင်ရာရောက် လိုက်လံပေးပို့ခဲ့ကြပါတယ်။
10 months Ago
Up