ထိုင်းနိုင်ငံက ထင်ရှားတဲ့ ပညာရှင်နဲ့ နိုင်ငံရေးသမား ခရိုင်ဆတ် ချွန်ဟာဗန်ဟာ အသက် ၇၂ နှစ်အရွယ်မှာ ဇွန်လ ၁၁ ရက်က ကွယ်လွန်ပါတယ်။
သူဟာ ထိုင်းနိုင်ငံရဲ့ ၁၇ ယောက်မြောက် ဝန်ကြီးချုပ် ချတ်ချိုင် ချွန်ဟာဗန်နဲ့ ခွန်ယဉ်ဘွဲ့ရ ဘွန်လုအန်တို့ ရဲ့ သား၊ ကာကွယ်ရေး ဦးစီးချုပ် ပင်ချို့ဟာဝမ်ရဲ့ မြေးပါ။ သူမွေးတဲ့ ၁၉၄၇ ခုနှစ်မှာ သူ့အဖိုးက ထိုင်းအစိုးရကို စစ်အာဏာ သိမ်းခဲ့ပါတယ်။
နောက်ဆယ်နှစ်ကြာချိန် သူ့အဘိုးရဲ့ ရန်သူတွေက စစ်အာဏာ ပြန်သိမ်းတဲ့အခါ သူ့မိဘတွေက သူ့ကို အာဂျင်တီးနားနိုင်ငံဆီ ခေါ်သွားခဲ့ပါတယ်။
သူ့ဖခင် ဝန်ကြီးချုပ်ရဲ့ အစိုးရအဖွဲ့မှာ အကြံပေးအဖြစ် သူ တာဝန်ထမ်းဆောင်နေချိန် ၁၉၉၁ ခုနှစ်မှာတော့ ထိုင်းအစိုးရ အဖွဲ့ဟာ အင်အားသုံး ဖြုတ်ချတာ ထပ်ခံရပြန်ပါတယ်။
ဒါကြောင့် ခရိုင်ဆတ်ဟာ စစ်အာဏာသိမ်းမှုတွေရဲ့ သက်ရောက်မှုကို အခံရဆုံးနဲ့ အနီးစပ်ဆုံး ပုဂ္ဂိုလ်တွေထဲက တယောက်ဖြစ်တယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။
ပညာရေးနဲ့ ငယ်ဘဝ လှုပ်ရှားမှုများ
ခရိုင်ဆတ်ဟာ အင်ဒိုချိုင်းနား ကျွန်းဆွယ်ကို စစ်ဇုန်ကနေ ကုန်သွယ်ရေးဇုန် ဖြစ်အောင် ပြောင်းတဲ့ သူ့ဖခင်ရဲ့ အစိုးရက ချမှတ်ထားတဲ့ အဓိက မူဝါဒကို အကောင်အထည်ဖော်ရာမှာ ကူညီသူအဖြစ် လူသိများပါတယ်။
သူဟာ ဂျော့ချ်ဝါရှင်တန် တက္ကသိုလ်ကနေ နိုင်ငံခြား ဆက်ဆံရေးဘွဲ့ကိုရခဲ့ပြီး အင်္ဂလန်နယ် အရှေ့တိုင်းနဲ့ အာဖရိက လေ့လာရေးတက္ကသိုလ်ကနေ မဟာဘွဲ့ကို ရခဲ့ပါတယ်။
အဲဒီနောက် ထိုင်းနိုင်ငံကိုပြန်လာပြီး ဘန်ကောက် မြို့တော်က ကဆတ်ဆာ့တ် တက္ကသိုလ်မှာ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်ကို သင်ကြားပြသခဲ့ပြီး နောက်ပိုင်းမှာတော့ ဖခင်ရဲ့ အစိုးရအဖွဲ့မှာ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နိုင်ငံရေး လှုပ်ရှားမှုများ
ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ ကမ္ဘောဒီးယား နိုင်ငံနဲ့ အငြင်းပွားမှု ဖြေရှင်းရေး အစည်းအဝေးတွေမှာ ထိုင်းအစိုးရ ကိုယ်စားပြု တက်ရောက် ဆွေးနွေးခဲ့ပါတယ်။
သူ့အဖေရဲ့ အစိုးရကို ဗိုလ်ချုပ်ကြီး ဆွန်ထွန် ကောင်ဆမ်ပွန် ဦးဆောင်ပြီး စစ်အာဏာသိမ်းခဲ့တဲ့ ၁၉၉၁ ခုနှစ်က သူ့မိသားစုဟာ နိုင်ငံခြားမှာ တိမ်းရှောင်ခဲ့ပါတယ်။ နောက်တနှစ် အကြာမှာတော့ ခရိုင်ဆပ်ခ်ဟာ ထိုင်းကို ပြန်လာပြီး ၁၉၉၂ သပိတ်မှာ ပူးပေါင်းခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ နခွန် ရတ်ချစီမာ ခရိုင်ကနေ ရွေးကောက်ပွဲဝင်ပြီး အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။ အထက်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ အဲဒီနောက် ဒီမိုကရက် ပါတီမှာ ဒုဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက် ခံရပါတယ်။
၂၀၀၆ စစ်အာဏာသိမ်းမှု မတိုင်ခင်မှာ ခရိုင်ဆတ်ဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို အကြီးအကျယ် ဝေဖန်သူတွေထဲက တယောက်ပါ။ ဒါပေမယ့် စစ်အာဏာသိမ်းဖို့ တိုက်တွန်းတဲ့ ဆန္ဒပြပွဲတွေကိုတော့ မပါဝင်ဘဲ စွန့်လွှတ်ခဲ့ပါတယ်။
၂၀၁၄ စစ်အာဏာသိမ်းမှုမှာတော့ ခရိုင်ဆတ်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကို သက်ရောက်စေတဲ့ မူဝါဒတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ထိန်းချုပ်ကန့်သတ်တဲ့ ဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာရဲ့ စစ်အစိုးရကို အကြီးအကျယ် ဝေဖန်ခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပုံ
ခရိုင်ဆတ်ဟာ ၁၉၈၈ အရေးတော်ပုံအပြီး ပြည်ပြေး မြန်မာကျောင်းသားတွေနဲ့ နိုင်ငံရေး သမားတွေကို နည်းအမျိုးမျိုးနဲ့ ထောက်ပံ့ကူညီခဲ့သူဖြစ်ပြီး အဝေးရောက် ပြည်ပြေး အစိုးရရဲ့ လှုပ်ရှားမှုတွေ အစည်းအဝေးတွေနဲ့ စည်းရုံးလှုံ့ဆော်မှုတွေကို ထောက်ပံ့ခဲ့ဖူးပါတယ်။
ခရိုင်ဆတ်ဟာ လျှာကင်ဆာ ရောဂါကြောင့် ၂၀၁၅ ခုနှစ်က စပြီး ဆေးကုသခံခဲ့ရပြီး ၂၀၂၀ ဇွန်လ ၁၁ ရက်က စီရီရပ်ဂျ် ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။
9 months Ago