နိုင်ငံများ

March 6, 2020

ကိုရိုနာဗိုင်းရပ်စ်ဒဏ်ခံရသည့် နိုင်ငံများကို ဒေါ်လာဘီလီယံ ၅၀ IMF ထောက်ပံ့မည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ခဲ့ရတဲ့ နိုင်ငံတွေကို ကူညီထောက်ပံ့နိုင်ဖို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ဒေါ်လာဘီလီယံ ၅၀ ထောက်ပံ့မယ်လို့ ကြေညာလိုက်ပါတယ်။ အမေရိကန်အောက်လွှတ်တော်ကလည်း  ရောဂါထိန်းချုပ်ရေး နဲ့ ဆေးဝါးတွေ ထုတ်လုပ်ဖို့ ဒေါ်လာ ၈ ဒဿမ ၃ ဘီလီယံသုံးစွဲမယ့် အစီအစဉ်ကို အတည်ပြုလိုက်ကြပါတယ်။  IMF ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဟာ မနှစ်က တိုးတက်နှုန်း ထက်ကို ကျဆင်းလိမ့်မယ်လို့ သတိပေးပါတယ်။  တရုတ်နိုင်ငံပြင်ပ နိုင်ငံပေါင်း ၈၀ ကျော်ကို အမြန် ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို အရေးယူဆောင်ရွက်နိုင်ဖို့ ကမ္ဘာတဝန်းက အစိုးရတွေနဲ့ ဗဟိုဘဏ်တွေဟာ အစီအမံတွေ လုပ်ဆောင်နေကြတာပါ။  IMF ကတော့ ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်ရှိပေမယ့် ကပ်ရောဂါ ပြန့်ပွားမှုကို တုံ့ပြန်ဖို့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့နိုင်ငံတွေကို ကူညီထောက်ပံ့ပေးသွားမှာပါ။  အမေရိကန်အောက်လွှတ်တော်ကလည်း မတ် ၄ ရက်နေ့က ဒေါ်လာ ၈ ဒဿမ ၃ ဘီလီယံတန်ကြေးရှိတဲ့ ဥပဒေကြမ်းတရပ်ကို တခဲနက်အတည်ပြုလိုက်ပြီး နောက်ဆုံးပိတ် သဘောတူညီချက်ရယူဖို့ အထက်လွတ်တော်ကို လွှဲပြောင်းပေးလိုက်ပါတယ်။ ဒီဥပဒေကို အထက်လွှတ်တော်ကသာ အတည်ပြုခဲ့ရင် တရားဝင်ဖြစ်လာမှာပါ။  ဒေါ်လာ ၃ ဘီလီယံကို သုတေသနနဲ့ဆေးထုတ်လုပ်ရေးအတွက် သုံးမှာဖြစ်ပြီး နိုင်ငံတကာအကူအညီပေးရေးအတွက် ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ သုံးသွားဖို့ စီစဉ်ထားပါတယ်။
1 year Ago
Up