နိုင်ငံပေါင်း ၄၉

March 15, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံ ၄၉ ခုရှိ ကျောင်းများ ပိတ်

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် ကမ္ဘာအနှံ့ စာသင်ကျောင်းတွေကို တစိတ်တပိုင်း ဖြစ်စေ၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်စေ ပိတ်ထားရတဲ့ နိုင်ငံပေါင်း ၄၉ နိုင်ငံရှိပြီလို့ ကုလသမဂ္ဂ ပညာရေးသိပ္ပံပညာနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီး ယူနက်စကိုရဲ့ မတ် ၁၃ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနိုင်ငံတွေမှာ အစိုးရတွေက ဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့ လူစုဝေးရာနေရာ မှန်သမျှကို ပိတ်ပင်ခဲ့တာကြောင့် အခုဆိုရင် ကျောင်းမတက်နိုင်တဲ့ ကလေးနဲ့ တက္ကသိုလ် ကျောင်းသား ဦးရေပေါင်းဟာ ၃၉၁ သန်းကျော်လောက် ရှိမယ်လို့ ယူနက်စကိုက ခန့်မှန်းထားပါတယ်။  ဒီအထဲမှာ ယူနက်စကိုရဲ့ စောင့်ကြည့်မှုအရ ၂၉ နိုင်ငံက တနိုင်ငံလုံးအဆင့် ကျောင်းတွေ အားလုံးကို ပိတ်ထားတာဖြစ်ပြီး ဒီအတွက် ကလေးနဲ့ လူငယ်ပေါင်း ၃၅၁ ဒသမ ၅ သန်းဟာ ကျောင်းတက်ရောက်ပြီး စာသင်ခွင့်တွေ ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။  နောက်ထပ် နိုင်ငံပေါင်း ၂၀ ကတော့ ဒေသအလိုက် ကျောင်းတွေ ပိတ်ထားတာမို့ ဒီကနေလည်း ပညာရေး ပြတ်တောက်မယ့်သူတွေ ထပ်များလာဦးမှာပါ။ ဗြိတိန် မက်ထရိုသတင်းရဲ့ ဖော်ပြချက်အရတော့ ဥရောပမှာ ကျောင်းတွေအားလုံး ပိတ်ထားတဲ့ နိုင်ငံပေါင်းက ၂၉ နိုင်ငံ ရှိလာပြီဖြစ်ပြီး ဒီထဲမှာ အယ်လ်ဘေးနီးယားကနေ ယူကရိန်းအထိ ပါဝင်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံကတော့ ကျောင်းမတက်ရတဲ့ ကျောင်းသားတွေ အများဆုံးနိုင်ငံ ဖြစ်ပြီး၊ ယူနက်စကိုစာရင်းအရ အခြေခံပညာအဆင့်မှာ ကျောင်းသားဦးရေ ၂၃၃ သန်းကျော်ရှိပြီး ဘွဲ့ကြိုဘွဲ့လွန်အဆင့်မှာတော့ ၄၂ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
2 years Ago
Up