နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို

September 23, 2021

ပါမောက္ခရှောင်တာနယ်လ်အပေါ်စွဲထားသည့်အမှု နေပြည်တော်တရားရုံးတွင် စတင်စစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်လ်ကို စွဲဆိုထားတဲ့ အမှုနှစ်ခုအတွက်  နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှာ စက်တင်ဘာ ၂၃ရက် ဒီမနက် ၁၀ နာရီမှာ   စတင်ရုံးထုတ်ခဲ့ပါတယ်။ 

ဩစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်လ်ကို စစ်အာဏာသိမ်းပြီးကတည်းက  ဖမ်းဆီးခဲ့တာဖြစ်ပြီး နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ တရားစွဲခဲ့တာပါ။

ပါမောက္ခရှောင်တာနယ်လ်ကိုစွဲဆိုထားတဲ့ လျှို့ဝှက်ချက်ဉပဒေပုဒ်မအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအစိုးရ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးကျော်ဝင်း၊ ဦးစိုးဝင်းနဲ့ ဦးဆက်ပိုင်တို့ကိုလည်း စစ်ကောင်စီက အမှုတွဲအဖြစ် တရားစွဲထားပါတယ်။ 

ဒီနေ့ရုံးချိန်းမှာ  တရားစွဲခံရသူတွေရဲ့ရှေ့နေတွေကို တရားရုံးက ကိုယ်စားလှယ်လွှဲခွင့် ပေးခဲ့ပါတယ်။

ရှေ့နေ ဦးခင်မောင်ဇော်က  "စက်တင်ဘာ ၂၃ ရက် ဒီနေ့ရုံးချိန်းမှာ ပါမောက္ခရှောင်တာနယ်လ်၊ ၊ ဦးကျော်ဝင်း၊ ဦးစိုးဝင်းနဲ့ ဦးဆက်ပိုင်တို့ လေးဦးကို ကိုဗစ်အကာအကွယ်တွေနဲ့ရုံး ထုတ်ခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ အွန်လိုင်းကနေ ဗီဒီယိုနဲ့ရုံးချိန်းမှာ ပါဝင်ခဲ့ပါတယ်။ သူတို့လေးယောက်စလုံးကိုကြည့်ရတာ အရမ်းပင်ပန်းနေတဲ့ပုံပေါက်ပြီး ယဲ့ယဲ့လေးဖြစ်နေတယ်" လို့ ပြောပါတယ်။

ပါမောက္ခရှောင်တာနယ်လ်ရဲ့ အမှုတွေကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ နေပြည်တော်ကိုလွှဲပြောင်းခဲ့တာဖြစ်ပါတယ်။ နောက်ရုံးချိန်းကို စက်တင်ဘာ ၃၀ ကြာသပတေးနေ့မှာပြန်ခေါ်ထားပြီး နှစ်ဖက်ကြားနာမှုတွေစတင်မှာဖြစ်ပါတယ်။

ပါမောက္ခရှောင်တာနယ်လ်ကို စစ်ကောင်စီက အင်းစိန်ထောင်မှာ ထိန်းသိမ်းခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ကူးစက်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီက အတည်ပြုချက်မထုတ်ပြန်ခဲ့ပါဘူး။

ပါမောက္ခရှောင်တာနယ်လ်ကို နောက်ထပ်စွဲဆိုထားတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအမှုကတော့ အာဏာသိမ်းပြီးချိန်မှာ ဥပဒေမဲ့ ထွက်ပြေးဖို့ကြိုးစားတာကြောင့် စွဲဆိုတာလို့ စစ်ကောင်စီက အကြောင်းပြထားပါတယ်။ 

ဒီအမှုတွေနဲ့ပတ်သက်ပြီး ပြစ်မှုမြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ရှောင်တာနယ်လ်ဟာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ်ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရဖွယ်ရှိနေပါတယ်။ သူ့ကို ပြန်လွှတ်ပေးဖို့ သြစတြေးလျအစိုးရက တောင်းဆိုထားပေမဲ့ စစ်ကောင်စီက လွှတ်မပေးဘဲ ဆက်လက်ဖမ်းဆီး တရားစွဲဆိုနေတာဖြစ်ပါတယ်။

Photo-Sean Turnell

4 days Ago

January 2, 2021

ဖေဖော်ဝါရီတွင် ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဟု အတိုင်ပင်ခံပြော

လာမယ့်ဖေဖော်ဝါရီမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးမယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံတကာနှစ်သစ်ကူးအထိမ်းအမှတ် မိန့်ခွန်းမှာ ပြောတာဖြစ်ပြီး ကာကွယ်ဆေးရရှိရေး ကမ္ဘာ့နိုင်ငံအားလုံးက ဆောင်ရွက်နေတာကြောင့် ယှဉ်ပြိုင်မှုများတယ်လို့ ပြောပါတယ်။ “ပြည်သူအများ ယခုအချိန်မှာ အသိချင်ဆုံးကိစ္စကတော့ COVID ကာကွယ်ဆေးထိုးပေးမယ့် အစီအစဉ် ဘယ်တော့ စတင်နိုင်မလဲဆိုတာ ဖြစ်ပါလိမ့်မယ်။ ပထမဆုံး ကာကွယ်ဆေးတသုတ် အိန္ဒိယနိုင်ငံမှ ရရှိရေးအတွက် အရောင်းအဝယ် စာချုပ်ကို ချုပ်ဆိုထားပြီးပါပြီ။ ကာကွယ်ဆေးသုံးစွဲခွင့်ကို အိန္ဒိယရှိ သက်ဆိုင်ရာဌာနက ထုတ်ပြန်ပြီးတာနဲ့ မြန်မာပြည်တွင်းကို သွင်းနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ ဒီအစီအစဉ်အရ ဖေဖော်ဝါရီလမှာ ကာကွယ်ဆေးတွေကို ဦးစားပေးရမယ့် အစုအဖွဲ့ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းများကို ပထမဆုံး စတင်ထိုးပေးမှာ ဖြစ်ပါတယ်” ကာကွယ်ဆေးရရှိရေး ကမ္ဘာ့နိုင်ငံအားလုံးက ဆောင်ရွက်နေတာကြောင့် ယှဉ်ပြိုင်မှုများပေမယ့် ၂၀၂၁ ခုနှစ်တလျှောက် ကာကွယ်ဆေးထိုးပေးရေးလုပ်ငန်းတွေကို နိုင်ငံတဝန်းမှာ တဆင့်ပြီးတဆင့် အကောင်အထည်ဖော်နိုင်မယ်လို့ ယူဆတယ်လို့လည်း သူက ပြောပါတယ်။ ပြီးတော့ ကာကွယ်ဆေးမထိုးရသေးခင် ကာလအတွင်းမှာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ကိုဗစ်အောင်နိုင်ရေးကို ပံ့ပိုးပေးဖို့ ပြည်သူတွေကိုလည်း မေတ္တာရပ်ခံလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း     ၁၂၅,၀၄၂ ယောက်၊ သေဆုံးသူ ၂,၆၉၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၀၇,၇၇၇ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
9 months Ago
More News
Up