တရုတ်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ကပ်ဘေးမှာ အသက်ပေးခဲ့ရသူတွေကို သတိရ အောက်မေ့တဲ့ နိုင်ငံတော်အဆင့် အထိမ်းအမှတ်အခမ်းအနားကို ဧပြီ ၄ ရက်မှာ လုပ်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး တားဆီးဖို့ အသက်စွန့်လွှတ်ခဲ့သူတွေအတွက် အထိမ်းအမှတ်နေ့ဟာ တရုတ်ရိုးရာ ဘိုးဘေးကန်တော့တဲ့ အစဉ်အလာဖြစ်တဲ့ ကျင်မင်းပွဲတော်ကာလ အစနဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။
မြို့တော် ပေကျင်းမှာ မနက် ၁၀ နာရီကစလို့ ကားတွေ၊ ရထားတွေနဲ့ သင်္ဘောတွေအားလုံးက ဟွန်းတီးပြီး ဂုဏ်ပြုခဲ့ကြသလို နိုင်ငံတဝန်းက ကိုရိုနာဗိုင်းရပ်စ်ကုသရေးမှာ ပါဝင်နေတဲ့ ဆေးဘက် ဝန်ထမ်းတွေအပါအဝင် ပြည်သူတွေကလည်း သုံးမိနစ် ငြိမ်သက်ပြီး အောက်မေ့ဂုဏ်ပြုခဲ့ကြပါတယ်။
ပေကျင်းဘူတာရုံမှာ အချို့ပြည်သူတွေက သတ်မှတ်အချိန်ရောက်တဲ့အခါ ရှိခိုး ဆုတောင်းကြတာတွေ ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံ ဟူဘေးပြည်နယ်က စတင်ပေါ်ပေါက်လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ ၃၃၀၀ ကျော်ရှိခဲ့တယ်လို့လည်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် ထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖောပြထားပါတယ်။
11 months Ago