နိုင်ငံတကာ ကတိကဝတ်

August 15, 2021

တရုတ်ဘက် ပိုယိမ်းလာတဲ့ အာဆီယံနဲ့ နိုင်ငံတကာ ကတိကဝတ် ပျက်ကွက်မှု

အာဆီယံအဖွဲ့ကို ၁၉၆၇ မှာ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း ငါးနိုင်ငံနဲ့ ဘန်ကောက်မှာ တရားဝင် စထူထောင်ခဲ့တယ်။ ရည်ရွယ်ချက်က စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဘာညာ ဖွံ့ဖြိုးရေးအတွက် ဆိုပေမဲ့လို့ တကယ်က ကွန်မြူနစ်ဆန့်ကျင်ရေးပါ။ ငါးနိုင်ငံစလုံးက အမေရိကန်အားကိုးနဲ့ သူတို့နိုင်ငံတွေမှာ  ကွန်မြူနစ်ဆို ဒေါင်ဒေါင်မြည်ဆန့်ကျင်ကြ သတ်ဖြတ်ကြတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားက အစ္စလာမ်နောက်ခံ၊ ဖိလစ်ပိုင်က ကက်သလိုလစ်နောက်ခံ၊ စင်္ကာပူလီကွမ်ယူက ဘိလပ်ပြန်၊ ထိုင်းက ပဒေသရာဇ်အရင်းရှင်။ ကွန်မြူနစ်ကြောက်ရာမှာ အားလုံး တစိတ်တဝမ်းတည်း ပေါင်းဖက်မိခဲ့တယ်။ 

အထူးသဖြင့် အာရှမှာ ကွန်မြူနစ်ဩဇာသိပ်ကြီးတဲ့ တရုတ်ကို ကြောက်ကြတာပါ။ သူတို့နိုင်ငံတွေထဲ မော်ဝါဒီ မရှိရေးအတွက် စည်းလုံးခဲ့ကြတယ်။ ဆူဟာတို၊ လီကွမ်ယူ၊ ထိုင်းစစ်တပ်တို့ဟာ စီအိုင်အေနဲ့ပေါင်းပြီး လက်မြန်ခြေမြန် ရှင်းခဲ့တယ်။ ၁၉၇၈ မှာ တိန့်ရှောင်ဖျင် စင်ကာပူ သွားလည်တော့ လီကွမ်ယူက တရုတ်အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ကွန်မြူနစ်ပါတီတွေကို အကူအညီပေးနေတာတွေ ရပ်ပေးဖို့ စည်းရုံးပြောဆိုတယ်။ သူတို့လို ထူထောင်ခါစအစိုးရတွေဟာ ကွန်မြူနစ်အုပ်စုတွေကြောင့် အခက်အခဲတွေ့နေရတယ်လို့ ပြောတယ်။ တိန့်ကပေကျင်း ပြန်ရောက်တာနဲ့ ကွန်မြူနစ်ပါတီချင်း ဆက်ဆံရေးကို ဖြတ်လိုက်ပြီး၊ အစိုးရချင်း ဆက်ဆံရေးမူ  ပြောင်းကျင့်သုံးတယ်။ အနောက်မီဒီယာတွေက လီကွမ်ယူကို အာရှကွန်မြူနစ်ကျားရဲ့ ကုပ်ပေါ် ခွစီးနိုင်သူလို့ ချီးပင့်ခဲ့ကြတယ်။ တရုတ်ရဲ့ စစ်ရေးအကူအညီတွေ ဖြတ်လိုက်တဲ့နောက် မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းတို့က ကွန်မြူနစ်ပါတီတွေ တဖြည်းဖြည်း ကျဆင်းသွားခဲ့ပါတယ်။ 

ဒီလိုနဲ့ တရုတ်ဆန့်ကျင်ရေးနဲ့စခဲ့တဲ့ အာဆီယံဟာ တဖြည်းဖြည်း တရုတ်နဲ့ လုံးမိလာတယ်။ စစ်အေးအပြီးမှာတော့ ကွန်မြူနစ် ဗီယက်နမ်၊ လာအိုတို့ အာဆီယံထဲ ပါလာတယ်။ အာဏာရှင် မြန်မာ (၁၉၉၇) နဲ့ ကမ္ဘောဒီးယား (၁၉၉၉) တို့လည်း ပါဝင်လာတယ်။ အခုအခါ တရုတ်ရဲ့ အကြီးမာဆုံးကုန်သွယ်ဖက် ပါတနာဟာ အာဆီယံဖြစ်နေပြီး၊ အမေရိကန်နဲ့ အီးယူတို့ထက် ပိုကြီးမားလာတယ်။ ၂၀၁၉ မှာ တရုတ်နဲ့ အာဆီယံရဲ့ကုန်သွယ်မှု ပမာဏက ဒေါ်လာ ၆၄၄ ဘီလီယံ၊ ၂၀၂၀ မှာ ဒေါ်လာ ၇၃၁ ဒသမ ၉ ဘီလီယံ ရှိပါတယ်။  ကုန်သွယ်ရေးစစ်ပွဲကစလို့ တရုတ်နဲ့အမေရိကန် ကုန်သွယ်မှုပမာဏ ကျဆင်းသွားခဲ့ပြီး ၂၀၁၉ မှာ ဒေါ်လာ ၄၁၈ ဒသမ ၆ ဘီလီယံ၊ ၂၀၂၀ မှာ  ဒေါ်လာ ၅၈၆ ဒသမ၇ ဘီလီယံပဲရှိပါတယ်။ တရုတ်ကိုကြောက်လို့ ဖွဲ့စည်းခဲ့တဲ့ အာဆီယံဟာ အခုဆို တရုတ်ကြီးနဲ့ ဘယ်လောက်နှီးနှောနေလဲဆိုတာ ကိန်းဂဏန်းတွေကြည့်ရင် သိနိုင်ပါတယ်။

ဒါပေမဲ့လည်း အာဆီယံနိုင်ငံတွေဟာ တနေ့တခြား တရုတ်ဈေးကွက်အပေါ် ပိုမှီခိုလာနေရတာနဲ့အမျှ၊ တဖက်မှာ တရုတ်ရဲ့ အပေါ်စီးက အနိုင်ကျင့်မှု bullying ကို အမြဲစိုးရိမ်နေရတာပါပဲ။ တောင်တရုတ်ပင်လယ် ရေပိုင်နက်နဲ့ ကျွန်း အငြင်းပွားမှုမှာ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်းတို့ဟာ အမေရိကန်ရဲ့ လုံခြုံရေး ထီးရိပ်ကို အားကိုးနေရဆဲပါ။တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းသွားတဲ့ နှစ်စဉ် ကမ္ဘာ့ကုန်သွယ်မှု ပမာဏက ဒေါ်လာ ၃ ဒသမ ၃၇ ထရီလီယံ ရှိပါတယ်။ တရုတ်က တောင်တရုတ်ပင်လယ်ကို စီးထားချင်ပြီး၊ သူ့အတွက် စွမ်းအင်လုံခြုံရေး ဖွင့်ထားရမယ့်ဂယ်ပေါက်လို့ ကြည့်တယ်။ အာဆီယံနိုင်ငံတွေကိုလည်း သူ့အတွက် စွမ်းအင်နဲ့ ကုန်ကြမ်းရင်းမြစ်ရယူဖို့၊ ပေါချောင်ကောင်းတွေ ရောင်းချဖို့နဲ့ အရေးကြီးတဲ့ပင်လယ်ရေကြောင်းထွက်ပေါက်လို့ ရှုမြင်တယ်။ 

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ အမေရိကန်က အာဆီယံနိုင်ငံတွေကို အလေးမထားခဲ့ပေမဲ့၊ တရုတ်က အသေချာ ချဉ်းကပ်ခဲ့တယ်။ တရုတ်ဝန်ကြီးချုပ်က အာရှခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ နှစ်စဉ် အာဆီယံအစည်းအဝေး ကျင်းပတဲ့ နိုင်ငံတိုင်းဆီ အရောက်သွားခဲ့တယ်။ အာဆီယံ တနိုင်ငံချင်းစီနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မယ် ဆိုတာ ဆွေးနွေးတယ်။ တရုတ်တို့ ဦးဆောင်တဲ့ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) နဲ့ ရပ်ဝန်းနဲ့လမ်းမစီမံကိန်း (BRI) မှာ ပိုမိုပါဝင်ကြဖို့ စိတ်ရှည်ရှည် စည်းရုံးတယ်။ ဒီလိုနဲ့ အာဆီယံအပေါ် တရုတ်ရဲ့ ထိတွေ့ဆက်ဆံမှုက နက်ရှိုင်းလာသလို၊ ဩဇာကလည်း ကြီးမားလာပါတယ်။

အာဆီယံရဲ့သဘောထားကတော့ အမေရိကန် ဦးဆောင်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့လည်း ခိုင်မာတဲ့ဆက်ဆံ‌ရေး ထူထောင်ထားမယ်၊ တဖက်က တရုတ်နဲ့လည်း စီးပွားရေးဆက်ဆံမှု တည်ဆောက်ထားမယ်ဆိုတဲ့ ကြားနေမူပဲ။ လက်တွေ့မှာတော့ အရင်က အမေရိကန်အပေါ် ဗဟိုပြုထားတဲ့ မဟာဗျူဟာကနေ တရုတ်ဘက်ကို အရွေ့က ပိုဖြစ်နေတယ်။ မနှစ်က ထရမ့်ရဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အာဆီယံနိုင်ငံတွေကို တရုတ်ဆန့်ကျင်ဖို့ လှုံဆော်ခဲ့ပေမဲ့ အာဆီယံတို့က တုတ်တုတ်မလှုပ်ပါဘူး။

မနှစ်ကပဲ Foreign Affairs စာစောင်တစ်ခုမှာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း ရေးထားတဲ့ သူ့အမြင်ကတော့ တရုတ်နဲ့ စီးပွားရေးပိုမိုဆက်ဆံလာရပေမဲ့ အမေရိကန်စစ်ရေးထီးရိပ်က အာရှပိစိဖိတ်ဒေသအတွက် လိုကို လိုအပ်တယ်လို့ ဆိုထားပါတယ်။  ဒုတိယကမ္ဘာစစ်ပြီးကတည်းက အရှေ့တောင်အာရှမှာ အခြေစိုက်ထားတဲ့ အမေရိကန် အမှတ် (၇) ရေတပ်က ဒီဒေသရဲ့ လုံခြုံရေးကို အကာအကွယ်ပေးထားတာကြောင့် ဘေးကင်းစွာ ကူသန်းရောင်းဝယ်နိုင်ပြီး  စီးပွားရေးတိုးတက်မှုတွေ ရရှိစေခဲ့တယ်။ အခု တရုတ်က စစ်ရေးတိုးတက်လာတယ် ဆိုပေမဲ့ အမေရိကန်ရဲ့လုံခြုံရေး အာကာအကွယ်ပေးမှုမျိုး မလုပ်နိုင်ဘူး။ အမေရိကန် စစ်ရေးကာကွယ်ပေးမှုက  အရှေ့တောင်အာရှအတွက်သာမက အာရှပစိဖိတ်ဒေသ တစ်ခုလုံးအတွက် လိုနေသေးတယ်လို့ ဆိုတယ်။ 

ချုပ်ကြည့်ရင်တော့ အာဆီယံဟာ စီးပွားရေးမှာ တရုတ်ကို ပိုမိုအားထားနေပြီး၊ လုံခြုံရေးမှာ အမေရိကန်ကို အားကိုးနေသေးတယ်။ ဒီလိုအနေအထားမှာ အာဆီယံထဲမှာ စီးပွားလည်းမဖြစ် ပြဿနာမီးခဲဖြစ်နေတဲ့ မြန်မာရဲ့ လတ်တလောအခြေအနေအတွက် ခြုံကြည့်မိတာက— 

(၁) စစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက် ပြည်တွင်းရော နိုင်ငံတကာမှာပါ တရုတ် အကာအကွယ်ကို ယူထားရပြီး တရုတ်ဩဇာခံနိုင်ငံဖြစ်အောင်ကို ဆွဲချနေတယ်။ အာဆီယံဟာ အမေရိကန်ဩဇာအောက်မှာထက် တရုတ်ဘက် ပိုယိမ်းနေတာ ထင်ရှားပါတယ်။

(၂) နအဖလက်ထက် ၁၉၉၇ အာဆီယံအဖွဲ့ထဲ တစ်နှစ် ဒေါ်လာတစ်သန်း ပေးဝင်ကတည်းက  စစ်တပ်ဟာ အာဆီယံကို အသုံးချဖို့ နိုင်ငံတကာအကာအကွယ်ယူဖို့ပဲ သဘောထားပါတယ်။ အာဆီယံကို တရုတ်လောက် အထင်မကြီးပါဘူး။ ဥပမာ၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းမှာ နိုင်ငံတကာနဲ့အတူ အာဆီယံရဲ့ ဖိအားပေးမှု ခံရတဲ့အခါ စစ်တပ်ခေါင်းဆောင်ပိုင်းက အာဆီယံထဲက မြန်မာကို ပြန်ထွက်ဖို့အထိ စဉ်းစားတယ်။ ဦးသန်းရွှေက အာဆီယံထဲက ထွက်ပစ်ရင်ကောင်းမလားဆိုပြီး သူ့လူတချို့လွှတ်ပြီး စာရေးဆရာမောင်စူးစမ်း အပါအဝင် ပြင်ပပညာရှင်အချို့ဆီက အကြံဉာဏ်ယူခိုင်းတယ်။ အာဆီယံက ထွက်လိုက်ရင် ပိုအထီးကျန်သွားမယ်လို့ ထိုဆရာတို့က တားမြစ်အကြံပြုခဲ့တယ်။

(၃) စစ်ကောင်စီက သဘောတူလက်ခံတဲ့ အာဆီယံကိုယ်စားလှယ် ဘရူနိုင်း ဒုနိုင်ငံခြား‌ရေးဝန်ကြီးဟာ အားနည်းလှပါတယ်။ မြန်မာအကျပ်အတည်းအတွက် အာဆီယံ သဘောတူညီချက် ငါးချက်မှာ ပထမအချက် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပေးရေးကိုတောင် စစ်ကောင်စီဆီက ရရှိဖို့ မလွယ်ပါဘူး။ ဒုတိယအချက် အဖွဲ့အစည်းအားလုံး ပါဝင်ရေး အပြုသဘောဆွေးနွေးမှုမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်အောင် ပြောဆိုနိုင်မှာ မဟုတ်သလို၊ ဖမ်းဆီးခံရသူအားလုံး လွှတ်ပေးဖို့တောင် ပြောရဲပုံမရပါဘူး။ 

(၄) ဂျိုးဘိုင်ဒင်အစိုးရရဲ့ နိုင်ငံခြားပေါ်လစီက သံတမန်ဆက်ဆံရေးနဲ့ပဲ နိုင်ငံတကာပဋိပက္ခတွေကို ကြိုးစား ဖြေရှင်းမယ်၊ သံတမန်ဆက်ဆံရေးနည်း လုံးဝမအောင်မြင်ကာမှ မိမိနိုင်ငံအကျိုးစီးပွားနဲ့ ပတ်သက်ရင် စစ်ရေးနဲ့ ဖြေရှင်းမယ်လို့ ကြေညာထားတယ်။ အတိတ်ကာလ စစ်ရေးစွက်ဖက်မှုတွေဟာ မအောင်မြင်ခဲ့ဘူးလို့လည်း နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်က ဆိုတယ်။ အဲဒီ တရားသေယူဆမှုကြောင့်ပဲ အာဖဂန်နစ္စတန်မှာ တပ်တွေ ချက်ချင်း သွားရုပ်လိုက်တာ  တာလီဘန်တွေ တမြို့ပြီးတမြို့ ချက်ချင်း သိမ်းပိုက်တာ ခံနေရတယ်။ 

တကယ်တော့ အမေရိကန်ဟာ စစ်အေးခေတ်က တောင်ကိုရီးယား၊  ဗီယက်နမ်တို့ကို ဝင်စွက်ဖက်ခဲ့သလိုမျိုး မာမာချာချာ မရှိတော့ပါဘူး။ ကမ္ဘာ့ဒီမိုကရေစီကို ဦးဆောင်ချင်တဲ့ နိုင်ငံကြီးဟာ ကိုယ့်ရဲ့ပါဝါအမာအပေါ် ကိုယ်မယုံ ဖြစ်နေတယ်။ ဈေးကွက်အရင်းရှင်နိုင်ငံကြီးဟာ ပဋိပက္ခဒေသတွေမှာ ဘယ်နိုင်ငံက ဒီမိုကရေစီ ဝယ်လိုအားရှိပြီး ဘယ်နိုင်ငံက ဒီမိုကရေစီဝယ်လိုအား မရှိဘူးလဲ မခွဲခြားတတ်ဖြစ်နေတုန်းပါပဲ။ မြန်မာအရေးမှာ တာဝန်ယူလိုစိတ် ခိုင်ခိုင်မာမာ မရှိတဲ့အခါ အာဆီယံအပေါ် တွန်းထုတ်လိုက်တာပါပဲ။ 

(၅) အာဆီယံပဋိညာဉ်စာတမ်းက ဘယ်လောက်ပဲ  ရွှန်းရွှန်းဝေအောင် ရေးထားထား အဖွင့်စာသားမှာ ပါတဲ့ ‘We, the Peoples  of the Member States’ ဆိုတဲ့စကားကို ထင်ဟပ်နိုင်ခြင်း မရှိပါဘူး။ အဖွဲ့ဝင်နိုင်ငံတွေထဲက အကြမ်းဖက်ခံနေရတဲ့ ပြည်သူတွေအတွက် ပြတ်ပြတ်သားသား ရပ်တည်မှုမရှိလို့ ဩဇာဂုဏ်သိက္ခာကြီးမားတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ အလားတူ ကုလသမဂ္ဂဟာလည်း ပဋိညာဉ်စာတမ်းပါ အဖွင့်စကား ‘We the Peoples of the United Nations’ အတိုင်း အဖွဲ့ဝင်နိုင်ငံတွေက အကြမ်းဖက်ခံပြည်သူတွေအတွက် အမှန်တကယ် ကိုယ်စားပြုနိုင်ခြင်း မရှိသေးပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းက အချိန်မီဆောင်ရွက်ဖို့ ပျက်ကွက်တဲ့အခါ ရဝမ်ဒါ၊ အရှေ့တီမော စတာတွေမှာ အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရတာတွေကို ကွယ်လွန်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကိုယ်တိုင် သူ့စာအုပ်တွေမှာ နောင်တရစွာ ရေးထားပါတယ်။

ရဲမြင့်ကျော်

4 months Ago
Up