နိုင်ငံတကာခေါင်းဆောင်အချို့

October 2, 2020

သမ္မတထရမ့်တို့ဇနီးမောင်နှံ အမြန်နေကောင်းစေရန် နိုင်ငံတကာခေါင်းဆောင်အချို့ ဆုတောင်းပေး

ကိုဗစ်-၁၉ ပိုးတွေ့ပြီး ဒီနေ့ ကွာရန်တင်း ဝင်ရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဇနီးမောင်နှံကို နိုင်ငံတကာခေါင်းဆောင်အချို့နဲ့ WHO အကြီးအကဲတို့က အမြန်နေကောင်းစေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။ ဗြိတိန်၊ အိန္ဒိယ၊ ပါကစ္စတန် နဲ့ ထိုင်ဝမ်ခေါင်းဆောင်တို့က  သမ္မတ ထရမ့်နဲ့ ဇနီးတို့ အမြန်ဆုံး ပြန်ကောင်းလာပါစေလို့ ဆုမွန်ကောင်းတောင်းခဲ့သလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ ဒေါက်တာ တက်ဒရိုကလည်း  ထရမ့်တို့မောင်နှံ အမြန်ဆုံး ပြန်ကောင်းပါစေလို့ တွစ်တာမှာ ရေးသားဆုတောင်းခဲ့တာပါ။ သမ္မတ ထရမ့်ရဲ့ ထိပ်တန်းအကြံပေးနဲ့ လူယုံ ဟုပ်ဟစ်မှာ ဗိုင်းရပ်စ်တွေ့တယ်လို့ အဖြေထွက်ပြီးနောက် သမ္မတနဲ့မယ်လင်နီယာတို့မှာလည်း ဗိုင်းရပ်စ်တွေ့တယ်လို့ အဖြေထွက်ခဲ့ တာပါ။   ဗိုင်းရပ်စ် ရှိ၊မရှိ ပုံမှန် စစ်ဆေးတဲ့ သမ္မတ ထရမ့်ဟာ  ပြည်သူ့ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့ ကြားကပဲ မကြာသေးခင် သီတင်းပတ်တွေက ထောင်နဲ့ချီတဲ့ လူတွေနဲ့  မဲဆွယ်စည်းရုံးပွဲ လုပ်ခဲ့ပါတယ်။    မဲဆွယ်စည်းရုံးပွဲတွေမှာ မကြာခဏ လိုက်ပါလေ့ရှိတဲ့ သမ္မတ ကတော်ဟာလည်း မကြာသေးခင်က လုပ်တဲ့ သမ္မတလောင်း စကားစစ်ထိုးပွဲမှာ ထရမ့်နဲ့ အတူ လိုက်ပါခဲ့ပါတယ်။  သမ္မတ ထရမ့်ရဲ့ ပိုးတွေ့အဖြေဟာ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်မှုကို အမြဲတစေ ခပ်ပေါ့ပေါ့ ပြောခဲ့တဲ့ သူရဲ့ ကာလရှည်တုံ့ပြန်မှုကို လွှမ်းမိုးခဲ့ပါတယ်။   သမ္မတ ထရမ့်ကတော့ သူတို့ဒါကို ကျော်ဖြတ်သွားမယ်လို့  တွစ်တာမှာ ရေးသားခဲ့ပါတယ်။  သမ္မတ ထရမ့် နဲ့ မယ်လင်နီယာတို့မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိတယ်ဆိုတဲ့  သတင်းတွေ ထွက်ပေါ်ပြီးချိန်မှာ  ဂျပန်တိုကျိုစတော့ ဈေးနှုန်းတွေ ကျဆင်းသွားခဲ့ပြီး ဂျပန်ဘဏ္ဍာရေးဝန်ကြီး ကလည်း ဒီသတင်းဟာ ဘဏ္ဍာရေး ဈေးကွက်တွေအပေါ် ကြီးကြီးမားမား ရိုက်ခတ်မှု ရှိတယ်လို့ ပြောပါတယ်။ 
7 months Ago
Up