နိုင်ငံတကာ

December 25, 2021

မြန်မာပြည်တဝန်း တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် စစ်ကောင်စီကို နိုင်ငံတကာ တောင်းဆို

စစ်အာဏာရှင်အနေနဲ့ ကရင်ပြည်နယ်နဲ့ နိုင်ငံတဝန်း အဆင်အခြင်မဲ့ တိုက်ခိုက်တာတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အရပ်သားပြည်သူအားလုံးကို နိုင်ငံတကာဥပဒေနဲ့အညီ ဘေးကင်းလုံခြုံစေဖို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်တွေနဲ့ အမေရိကန်၊ ဗြိတိန် စတဲ့နိုင်ငံတွေက တောင်းဆိုပါတယ်။ 

လတ်တလော ကရင်ပြည်နယ်ထဲမှာ အရပ်သားပြည်သူတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၂၄ ရက်က ပူးတွဲထုတ်ပြန်တာဖြစ်ပြီး စစ်အာဏာရှင်ရဲ့ နိုင်ငံတဝန်း ကျူးလွန်ထားတဲ့ ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို ရှုတ်ချတယ်လို့ ဆိုပါတယ်။ 

မကြာသေးခင်က ကရင်ပြည်နယ်ထဲက ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တာအပါအဝင် အရပ်သား ပြည်သူတွေကိုအပေါ် ကျူးလွန်တိုက်ခိုက်တာဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေတာဖြစ်ပြီး ဒါကို ချက်ချင်းရပ်တန့်ရမယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်တာတွေကြောင့် ထောင်ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး သူတို့အတွက်  လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ နိုဝင်ဘာ ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ အကူအညီ လိုအပ်နေတဲ့ပြည်သူအားလုံး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အပြည့်အစုံကို ဘေးကင်းလုံခြုံပြီး အတားအဆီးအဟန့်အတားမရှိဘဲ လက်လှမ်းမီရရှိစေဖို့နဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို အပြည့်အဝကာကွယ်ပေးပြီး ဘေးကင်း လုံခြုံစိတ်ချရေးအတွက်လည်း ထပ်တူတောင်းဆိုတယ်လို့ ဆိုပါတယ်။

ဒီကြေညာချက်ကို ဩစတေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးတွေဖြစ်တဲ့ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နဲ့ ဆွီဒင်နိုင်ငံတို့အပြင် ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေနဲ့ အမေရိကန်တို့က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေနဲ့ သံရုံးအကြီးအကဲတွေက ပူးပေါင်း လက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်။

1 month Ago

December 20, 2021

အာဖဂန်နစ္စတန်၏စီပွားရေးပြသနာများကို ကူညီရန် နိုင်ငံတကာသို့ တာလီဘန် မေတ္တာရပ်ခံ

တာလီဘန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရှိယာ မိုဟာမာဒ် အဘတ်စ် စတန်နီဇိုင်း (Sher Mohammad Abbas Stanikzai)  က စီးပွားရေးအကျပ်တည်းကြောင့် အာဖဂန်နစ္စတန်ကနေ နောက်ထပ်ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက်ထွက်သွားမှာ စိုးရိမ်ကြောင်းနဲ့ ဆိုးရွားနေတဲ့ စီးပွားရေး ပြဿနာကို ကူညီဖြေရှင်းပေးဖို့ နိုင်ငံတကာကို မေတ္တာရပ်ခံခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ ရက် နိုင်ငံတကာ‌ရွှေ့‌ပြောင်းအခြေချသူများနေ့ (international migrants day) ညီလာခံမှာ သူက အဲဒီလို အလေးအနက် တောင်းဆိုခဲ့တာပါ။ 

တာလီဘန်အစိုးရသစ်က မြို့တော်ကဘူးကို သိမ်းပြီး လေးလအကြာမှာ ကမ္ဘာ့ အသိုင်းအဝိုင်း နဲ့ ပြန်ဆက်ဆံဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

သူက “ဆယ်စုနှစ်များစွာ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ အာဖဂန်နစ္စတန်ကို ပြန်လည်ထူထောင်ဖို့ အမေရိကန်လို နိုင်ငံတွေမှာ အဓိကတာဝန်ရှိတယ်။ အာဖဂန်ဗဟိုဘဏ်က ဒေါ်လာ ဘီလီယံများစွာ ကို ပိတ်ဆို့ထားတာဟာ တာလီဘန်အာဏာပိုင်တွေကို မထိခိုက်ပါဘူး။ လူထုကိုသာ ထိခိုက်စေ တယ်” လို့ ပြောပါတယ်။

နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများနေ့ ညီလာခံကို ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM)၊ UNHCR နဲ့ ကုလသမဂ္ဂဒုက္ခသည်အဖွဲ့အစည်း တို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ 

အရေးပေါ် မကူညီရင် ဆောင်းရာသီမှာ အာဖဂန် သန်းပေါင်းများစွာ အငတ်ဘေးကြုံလိမ့်မယ်လို့ အဲဒီကုလသမဂ္ဂ အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။ 

ဒါပေမဲ့ အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှု တွေ မရှိတာကြောင့် တာလီဘန်တို့ကို နိုင်ငံတကာက ကူညီလိုစိတ် မရှိပါဘူး။ 

1 month Ago
More News
Up