နိုင်ငံခြားသံရုံး

April 7, 2022

ဗဟိုဘဏ်၏ မူဝါဒသစ်ကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းထိခိုက်၊ နိုင်ငံခြားကုမ္ပဏီများကို ကင်းလွတ်ခွင့်ပြုရန် သံရုံးအချို့ တောင်းဆို

စစ်ကောင်စီဗဟိုဘဏ်က ရုတ်တရက်ပြောင်းလဲလိုက်တဲ့ ညွှန်ကြားချက်ကြောင့် ဒေါ်လာငွေကြေး အပေါ်မှီတည်နေတဲ့ မြန်မာပြည်တွင်းက ပို့ကုန်၊သွင်းကုန် လုပ်ငန်းတွေ ရပ်နားရတော့မယ့် အခြေအနေရှိလာပြီး လာရောက်ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်မှုရှိစေတယ်လို့ လုပ်ငန်းရှင်တွေနဲ့ သုတေသီတွေက ထောက်ပြ ပြောပါတယ်။

ပြည်တွင်းက နိုင်ငံခြားငွေဝင်သူတွေအနေနဲ့ အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်နှုန်းနဲ့ AD လိုင်စင်ရဘဏ်တွေမှာ အလုပ်လုပ်ရက် တရက်အတွင်း ပြန်လည်ရောင်းချဖို့၊ လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားတာပါ။

ဒီညွှန်ကြားချက်ကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေက ရပ်နားရတော့မယ့် အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်ကြီးတဦးက  “စည်းကမ်းချက်တွေ အများကြီး သတ်မှတ်လိုက်တဲ့အခါ ကျနော်တို့က ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူးနော်။ တချို့ဟာဆို လိုင်စင်ဘယ်လို လျှောက်ရမလဲတောင် မသိတော့ဘူး။ ဥပမာ Land License နဲ့ ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုတာ မပါသေးဘူး။ အခု ကျနော်တို့လည်း ငွေသွင်းဖို့ ရှိနေတာ။ ဘဏ်ကို မေးတော့လည်း ဘယ်ဆီတင်ရမလဲ မသိဘူး ဖြစ်နေတယ်။ တချို့ကလည်း ကော်မတီဆီတင်လို့ ပြောတယ်။ ကော်မတီဆီကလည်း ညွှန်ကြားချက် မလာသေးဘူး။ ဒါမျိုးတွေ ဖြစ်နေတော့ အခု လောလောဆယ်မှာ ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေတယ်။ အဲ့တော့ လုပ်ငန်းတွေလည်း ခဏရပ်ထားရတယ်။ ပြီးတော့ ကိုယ့်ဘဏ်ထဲကို ရောက်တဲ့ ပိုက်ဆံကိုကျတော့ ဘဏ်ဆီ ရောင်းရတယ်။ ကိုယ့်ဘာသာ ဒီငွေကို ပြန်လွှတ်ဖို့အတွက်ကြတော့ သုံးမရဘူး ဖြစ်နေတယ်လေ။ ဆိုတော့ လုပ်ရကိုင်ရတာ ခက်ကုန်တာပေါ့ဗျာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဧပြီ ၃ ရက်က ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်တွေ ထွက်ရှိလာပြီးတဲ့နောက် မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံထားရှိတဲ့ ပြည်ပနိုင်ငံတွေထဲက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနဲ့ စင် ကာပူသံရုံးတို့က ကြေညာချက်တွေအသီးသီးထုတ်ပြန်ပြီး ဒေါ်လာငွေကြေး ကိုင်ဆောင်မှုနဲ့ပတ်သက်လို့  သူတို့နိုင်ငံသား စီးပွားရေးလုပ်ငန်းတွေကို   ခြွင်းချက်အနေနဲ့ ကင်းလွတ်ခွင့်ပေးဖို့  တောင်းဆိုထားပါတယ်။

ဂျပန်သံရုံးကတော့ ဗဟိုဘဏ်ရဲ့ မူဝါဒသစ်ကြောင့်  မြန်မာနိုင်ငံတွင်း လုပ်ကိုင်နေကြတဲ့ ဂျပန်ကုမ္ပဏီတွေ အခက်အခဲများစွာ  ရင်ဆိုင်ရမှာဖြစ်ပြီး ဆက်လက်လုပ်ကိုင်ဖို့ ခက်ခဲလာမယ်လို့ ဧပြီ ၄ ရက်က  ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ စင်ကာပူသံရုံးကလည်း မြန်မာနိုင်ငံမှာရှိကြတဲ့ သူတို့ရဲ့ စီးပွားရေး ကုမ္ပဏီတွေအနေနဲ့ ဆက်လက်လုပ်ကိုင်ကြဖို့  အခက်အခဲတွေ အများအပြား ကြုံတွေနိုင်တယ်လို့  ဧပြီ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒီတောင်းဆိုမှုနဲ့ပတ်သတ်ပြီး စီးပွားရေးသုတေသီတဦးက “သူတို့ တောင်းဆိုမှုကို ဒီဘက်က မလိုက်လျောရင် သူတို့ကလည်း မလုပ်တော့ဘူးပေါ့။ ဘာလို့လဲဆို သူတို့ တောင်းဆိုချက်ကို လိုက်လျောမှ လုပ်ငန်းတွေက လည်ပတ်လို့ရမှာလေ။ ဥပမာ မြန်မာပြည်မှာ အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီဆိုရင် သူတို့ရလာတဲ့ ပိုက်ဆံက ကျပ်ငွေနဲ့ ရတာ။ အဲ့တော့ လကုန်တိုင်းမှာ သူက ဘဏ်တွေမှာ ဒေါ်လာပြန်လဲရတယ်။ ပြီးတော့မှ ရလာတဲ့ အမြတ်ငွေကို သူ့နိုင်ငံဆီ ပြန်ပို့ရတာနော်။ ဒီမှာ လာလုပ်နေတဲ့ နိုင်ငံခြားသား စီးပွားရေးသမားတွေက ရလာတဲ့ ကျပ်ငွေကို ဒေါ်လာနဲ့ ပြန်လဲကြတာ။ ဆိုတော့ ကျပ်ငွေပဲ ကိုင်ရမယ်။ ဒေါ်လာ မကိုင်ရဘူးဆိုရင် နိုင်ငံခြားသားလုပ်ငန်းရှင်တွေအဖို့က ဘယ်လိုမျှ အဆင်မပြေနိုင်ဘူး။ အခုက နိုင်ငံခြားသား မပြောနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေလည်း အဆင်မပြေလို့ ဆိုပြီး အော်နေကြပြီ။ အဲ့တော့ ကျနော်ထင်တယ်၊ ပို့ကုန်ကဏ္ဍအပြင် ပြည်တွင်းမှာ ဒေါ်လာနဲ့လည်ပတ်နေတဲ့လုပ်ငန်း အတွက်ကတော့ ထိခိုက်လိမ့်မယ်။ ပြီတော့ နောက်တချက်က စစ်ကောင်စီ ဆီမှာ နိုင်ငံခြားအရံငွေကြေးက တော်တော် ရှားနေပြီလို့ ခန့်မှန်းရတယ်။ ဒါကြောင့် ဒေါ်လာ ရှိတဲ့ သူတွေဆီက အတင်း လိုက်ညှစ်နေကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပို့ကုန်သမားအတွက်က ပို့ကုန်ရတဲ့ ဒေါ်လာငွေကို  ကျပ်ငွေနဲ့ လဲလှယ်ရာမှာ ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့  ပြင်ပဈေးကွက်ပေါက်ဈေး ကွာဟနေတဲ့အတွက် ငွေပမာဏ များလာတာနဲ့အမျှ ဆုံးရှုံးနစ်နာမှု ကြီးကြီးမားမားရှိနေတာလည်း ဖြစ်ပါတယ်။ 

ဆန်နဲ့ ပဲမျိုးစုံကို ပြည်ပတင်ပို့နေတဲ့ ပို့ကုန်သမားတဦးကလည်း “ပို့ကုန်သမားအတွက်က ပို့ကုန်ရငွေက ၂၀၅၀ နဲ့ ၁၈၅၀ ကြားမှာဆိုတော့ ကျပ် ၂၀၀ လောက်ကွာဟနေတဲ့အတွက် အဲ့ဒီဟာအတွက်တော့ ဆုံးရှုံးမှုရှိတာပေါ့နော်။ ဒါကြောင့် ပို့ကုန်သမားအတွက်ကတော့ လောလောဆယ်မှာ ဒီဟာနဲ့တွက်ပြီး ရောင်းပေးရတဲ့အတွက် ရှုံးတယ်ဆိုပေမယ့် သူ့အတွက်က ဒီတခေါက်ပဲလေ။ ဒါပေမဲ့ နောက်ဆုံးအဆင့်က ဘာရှိလာမလဲဆိုရင် စျေးချပြီး ဝယ်လို့ ပို့ကုန်သမားကလည်း မကိုက်တဲ့အခါ ထုတ်လုပ်တဲ့သူ လယ်သမားအဆင့်ထိ ဒီသက်ရောက်မှုက အဆင့်ဆင့် ရှိလာနိုင်လို့ တဖြည်းဖြည်းနဲ့ ပြဿနာရှိလာနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အသစ်ကြောင့် ပို့ကုန် သွင်းကုန်လုပ်ငန်းတွေ၊ အထည်ချုပ် လုပ်ငန်းတွေ အပြင် ဒေါ်လာငွေနဲ့ အသုံးပြုလည်ပတ်နေကြတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေက အစ NGO တွေအဆုံး သက်ရောက်မှုရှိလာမှာကို စိုးရိမ်နေကြပါတယ်။ 

12 months Ago

February 19, 2022

မြသွဲ့သွဲ့ခိုင်နှင့်တကွ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သူများအတွက် နိုင်ငံခြားသံရုံးများ အမှတ်ရဂုဏ်ပြု

နေပြည်တော်မှာ  စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေနတ်ကျည်ဆန်ထိမှန်ကျဆုံးသွားခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် နိုင်ငံတကာသံရုံးတွေက  ဂုဏ်ပြုရေးသား သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အီးယူ ဥရောပါသမဂ္ဂသံရုံးကတော့  မမြသွဲ့သွဲ့ခိုင်ဟာ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြတဲ့  မျိုးဆက်တစ်ခုကိုကိုယ်စားပြုနိုင်ခဲ့တယ်လို့ ဂုဏ်ပြုရေးသားထားပါတယ်။

“သူမသည် စစ်တပ်၏ မိုက်ရူးရဲဆန်ပြီး အကြီးအကျယ်သွေးစွန်းစေသည့် အာဏာလုယူမှုကြောင့် ထိခိုက်ခဲ့ရသည့် မြောက်မြားစွာသော အပြစ်မဲ့ပြည်သူများအနက်မှ ပထမဦးဆုံး အသက်ပေးခဲ့ရသူဖြစ်ပါသည်။ သူမသေဆုံးချိန်တွင် အသက်၁၉နှစ်သာ ရှိသေးပြီး သူမသည် မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးများနှင့် ဖိနှိပ်ချုပ်ချယ်မှု၊ အကြောက်တရားတို့အောက်မှ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြသော မျိုးဆက်တစ်ခုကိုကိုယ်စားပြုနိုင်ခဲ့ပါသည်။” လို့ အီးယူ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ပြည်သူတွေကို လုံခြုံရေး တပ်ဖွဲ့၀င် တစ်ဦးက အဝေးမှသေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် မမြသွဲ့သွဲ့ခိုင်ကို ထိမှန်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကလည်း ဒီကနေ့ ထုတ်ပြန်လိုက်ပြီး စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ သေဆုံးခဲ့သူတွေနဲ့ ကျန်ရစ်သူမိသားစုတွေကို အမှတ်ရနေပြီး သူတို့ကို အလေးအနက်ထား စာနာပါကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်စွာ ထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေကို လေးစားလိုက်နာဖို့ တောင်းဆိုတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အချိုးအစားမညီမျှတဲ့ လုံခြုံရေးအင်အားနဲ့ နှိမ်နင်းခဲ့တာလို့လည်း ဒိန်းမတ်သံရုံးက ဆိုပါတယ်။

လွန်ခဲ့တဲ့တစ်နှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းအနားမှာ  စစ်အာဏာသိမ်းတာကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြတဲ့ ပြည်သူလူထုကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ ဘတ်စ်ကားဂိတ် အရိပ်တနေရာမှာရပ်နေတဲ့ မမြသွဲ့သွဲ့ခိုင်ဟာ ဦးခေါင်းမှာ သေနတ်ကျည်ဆန် ထိမှန်ပြီး ဒဏ်ရာ အပြင်းအထန်ရရှိသွားခဲ့တာပါ။

ဒဏ်ရာရပြီးနောက် နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဦးနှောက်လုံးဝ သေသွားပြီး  အသက်မရှူတော့သလို နှလုံးခုန်နေတာပဲရှိရာက  ဖေဖော်ဝါရီ ၁၉ ရက်မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

ဒီပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဝန်ခံခြင်းမရှိဘဲ သရဲဘောကြောင်စွာ လိမ်ညာငြင်းဆန်ခဲ့သလို တာဝန်ယူ တာဝန်ခံမှုလည်းမရှိ  ဆုံးရှုံးနစ်နာခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ မိသားစုအတွက် တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးခဲ့တာလည်း မရှိပါဘူး။

လတ်တလောမှာတော့ ပြည်သူတရပ်လုံးက အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်တော်လှန ခဲ့ကြတဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ နိုင်ငံအနှံ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ အကြမ်းဖက်စစ် ကောင်စီတပ်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၆၀ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁၂၂၂၈ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

1 year Ago
More News
Up