နိုင်ငံခြားသားကစားသမား

January 2, 2020

နိုင်ငံခြားသား ကစားသမားများ၏လစာ တရုတ်ဘောလုံး အဖွဲ့ချုပ် ကန့်သတ်

တရုတ်စူပါလိဂ်မှာ နိုင်ငံခြားသားကစားသမားတွေရဲ့ လစာကို ဒေါ်လာ ၃ ဒသမ ၃ သန်းအဖြစ် ကန့်သတ်လိုက်သလို  ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းသစ်တွေကိုလည်း တရုတ်ဘောလုံးအဖွဲ့ချုပ်က ချမှတ်လိုက်ပါတယ်။  အခုချမှတ်လိုက်တဲ့ စည်းမျဉ်းတွေထဲမှာ နိင်ငံခြားသားကစားသမားတွေအပြင် တရုတ်နိုင်ငံသား ကစားသမားတွေရဲ့ လစာကန့်သတ်မှုတွေ ပါဝင်တယ်လို့လည်း ဆင်ဟွာ သတင်းမှာ ဖော်ပြပါတယ်။  သတ်မှတ်ချက်သစ်အရ တရုတ်နိုင်ငံသားကစားသမားတွေရဲ့လစာဟာ ယွမ် ၁၀ သန်း (ဒေါ်လာ ၁ ဒသမ ၄၅ သန်း) သာရှိရမှာဖြစ်ပြီးတော့ နိုင်ငံလက်ရွေးစင်ကစားသမားတွေကိုတော့ ယွမ် ၁၂ သန်းအထိ ပေးနိုင်ပါတယ်။  အသင်းတိုင်းဟာ ၂၀၂၀ ပြည့်နှစ်မှာ စုစုပေါင်း ယွမ် ၁ ဒသမ ၁ ဘီလီယံ (ဒေါ်လာ သန်း ၁၆၀) ထက် ကျော်လွန်အသုံးပြုခွင့်ရမှာ မဟုတ်တော့ဘဲ ကစားသမားလစာပေးချေမှုဟာလည်း စုစုပေါင်း အသုံးစရိတ်ရဲ့ ၆၀ ရာခိုင်နှုန်းအောက်သာရှိရပါမယ်။  “ကျနော်တို့အသင်းတွေက ငွေသုံးကြမ်းနေပြီးတော့ ကျနော်တို့နိုင်ငံရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးလောကဟာ မှန်ကန်တဲ့လမ်းပေါ်မှာ ရှိမနေပါဘူး။ ကျနော်တို့ ဘက်ကသာ အချိန်မီပြင်ဆင်မှုမလုပ်နိုင်ရင် ဒီဘောလုံးလိဂ်ကြီး ပျက်စီးသွားမှာကို စိုးရိမ်ပါတယ်” လို့ တရုတ်ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ချိန်ရှီယွမ်ကပြောပါတယ်။  အသစ်ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းတွေထဲမှာ စူပါလိဂ်အသင်းတွေရဲ့ နိုင်ငံ  ခြားသားကစားသမား ခေါ်ယူမှုနဲ့ ပွဲအတွင်း ထည့်သွင်းအသုံးပြုနိုင်မှုတို့အပေါ် ကန့်သတ်ချက်တွေလည်း ပါဝင်ပါတယ်။  အခုရာသီအတွင်း စူပါလိဂ်ကလပ်တွေဟာ နိုင်ငံခြားသားကစားသမား ငါးဦးအထိ ခေါ်ယူနိုင်မှာဖြစ်ပြီး ဒါဟာ အရင်ကသတ်မှတ်ထားတဲ့ လေးဦးထက်တဦး ပိုလာတာဖြစ်ပါတယ်။ ဒါပေမယ့်ပြိုင်ပွဲမှာတော့  နိုင်ငံခြားသား ကစားသမားလေးဦးကိုသာ ထည့်သွင်းအသုံးပြုနိင်ပါတယ်။  ထွက်ပေါ်လာတဲ့ သတ်မှတ်ချက်အသစ်တွေမှာ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ ဖြေလျော့မှုတွေလည်း ပါဝင်ပြီးတော့ တရုတ်နိုင်ငံမှာမွေးခဲ့သူ  ဒါမှမဟုတ် တရုတ်မျိုးရိုးရှိသူကို နိုင်ငံခြားသားအဖြစ်သတ်မှတ်မှာမဟုတ်ပါဘူး။  ဒါ့အပြင် ငါးနှစ်နဲ့အထက် တရုတ်နိုင်ငံသား ခံယူထားသူ ဒါမှမဟုတ် တရုတ်လက်ရွေးစင်အသင်းအတွက် ကစားခွင့်ရှိသူတွေကိုလည်း နိုင်ငံခြားသားမဟုတ်သူလို့သာ သတ်မှတ်ထားပါတယ်။  တရုတ်ဘောလုံးအဖွဲ့ချုပ်က စူပါလိဂ်အသင်းတွေရဲ့ နိုင်ငံခြားသားကစားသမားတွေအပေါ် ငွေသုံးကြမ်းနေမှုကို ထိန်းချုပ်လိုနေတာဖြစ်ပြီး တခြားတဖက်မှာလည်း ရင်းနှီးမြှုပ်နှံသူတွေကို စွဲဆောင်နိုင်ပြီး တရုတ်ကစားသမားတွေအတွက် အခွင့်အရေးသစ်တွေ ပေါ်ထွက်လာအောင် ဖန်တီးချင်နေတာဖြစ်ပါတယ်။  ဒါပေမယ့် အခုအသစ်ထွက်ပေါ်လာတဲ့ စည်းမျဉ်းတွေဟာလည်း အရင်တုန်းက  သတ်မှတ်ချက်တွေလို အားနည်းချက်တွေရှိနေပြီးတော့ ဘောနပ်စ်နဲ့ပတ်သက်ပြီး ထိန်းချုပ်မှုမပါတာကြောင့် အသင်းတွေဟာ ဒီအချက်ကိုအသုံးချပြီး နိုင်ငံခြားသားတွေရဲ့လစာကို တိုးမြှင့်ပေးချေနိုင်တဲ့ အနေအထားရှိနေပါတယ်။ 
2 years Ago
Up