နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်

February 19, 2021

ရွေးကောက်တင်မြှောက်ခံအစိုးရကို အာဏာပြန်ပေးရမည်ဟု အမေရိကန်ပြော

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားရတဲ့အစိုးရကို အာဏာပြန်ပြီး ပေးကိုပေးရမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ယူကေနဲ့ ကနေဒါနိုင်ငံတို့က  အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အတွက် အမေရိကန်က ကြိုဆိုတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောပါတယ်။

“ယူနိုက်တက်ကင်းဒမ်းနဲ့ ကနေဒါတို့ကနေပြီး မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှု အတွက် တာဝန်ရှိသူတွေကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုက ကြိုဆိုပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုကို မြှင့်တင်မယ့် သတင်းစကားတစ်ရပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းကနေပြီး ညီညီညာညာနဲ ဝိုင်းဝန်းပေးပို့ကြဖို့လည်း ကျွန်တော်တို့ တိုက်တွန်းပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို အာဏာပြန်ပြီး ပေးကိုပေးရပါမယ်။”

ယူကေအနေနဲ့ အာဏာသိမ်းမြန်မာစစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ပြည်ထဲရေးဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ ၃ ယောက်ရဲ့  ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာနဲ့ ခရီးသွားလာမှု ကန့်သတ် ထိန်းချုပ်တာတွေ ပြုလုပ်လိုက်တာပါ။

အလားတူ ကနေဒါနိုင်ငံကလည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ခေါင်းဆောင်  ၉ ယောက်ကို ပိတ်ဆို့ဒတ်ခတ်အရေးယူလိုက်တယ်လို့ ကနေဒါနိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

Photo Credit- US State Department

2 years Ago
Up