အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံမန် ခရစ္စတင်းရှာရာနာ ဘာဂျီနာဟာ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို အဖြေရှာနိုင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သီးသန့်စီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မစ္စဘာဂျီနာနဲ့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Bui Thanh So နဲ့ ဒီကနေ့ ဂျာကာတာမှာ တွေ့ဆုံရာမှာတော့ မစ္စဘာဂျီနာက မြန်မာနိုင်ငံမှာ လူ့အသက်တွေဆုံးရှုံးနေရတဲ့အပေါ် စိုးရိမ်ကြောင်းပြောဆိုခဲ့ပြီး ဒီအခြေအနေကို ရပ်တန့်ဖို့ နဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုပြန်ရဖို့ အာဆီယံအနေနဲ့ အပြုသဘောကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်ပြောဆိုခဲ့တယ်လို့ ဗီယက်နမ် သတင်းမှာဖော်ပြပါတယ်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံရဲ့ မငြိမ်မသက်မှုတွေအပေါ် နိုင်ငံတကာအသိုက်အဝန်းနဲ့ ကုလသမဂ္ဂရဲ့ အလွန်အမင်း စိုးရိမ်ပူပန်မှုကို ဗီယက်နမ်အနေနဲ့ မျှဝေခံစားရတဲ့အကြောင်း၊ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အမြဲနီးနီးကပ်ကပ်လိုက်ကြည့် နေပြီး မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံး အဖြေရှာဖို့ အာဆီယံနဲ့အတူ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဖို့၊ လူသားချင်းစာနာကူညီထောက်ပံ့မှုပေးဖို့၊ တွေ့ဆုံဆွေးနွေးမှုတွေပြန်စဖို့ အရေးကြီးတဲ့အကြောင်းလည်း ဗီယက်နမ်ဝန်ကြီးကပြောကြားခဲ့ပါတယ်။
မစ္စဘာဂျီနာဟာ စစ်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှ်နန်နဲ့ လည်း အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် မနေ့က တွေ့ဆုံခဲ့ပြီး မြန်မာပြည်မှာ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့နဲ့ ငြိမ်းချမ်းတည်ငြိမ်မှုရအောင် စေ့စပ်ညှိနှိုင်းပေးဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
အင်ဒိုနီးရှားနိုင်ခြားရေးဝန်ကြီး ရန်တိုမာဆူဒီဟာလည်း မနေ့ညက အထူးကိုယ်စားလှယ် မစ္စဘာဂျီနာနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံပြဿနာအကြောင်း ဆွေးနွေးခဲ့တယ်လို့ သူ့ရဲ့တွစ်တာစာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မနေ့ညက အမေရိကန်အမျိုးသားလုံခြုံရေးအရာရှိ ဂျိတ်ဆူလီဗန်နဲ့ ဖုန်းပြောဆွေးနွေးရာမှာ ဒေသတွင်း စိုးရိမ်ရတဲ့အရေးတွေဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
အလားတူ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟစ်ရှာမူဒင်ဟူစိန်ကလည်း မနေ့က မြန်မာနိုင်ငံဆိုင်ရာ အထူးသံမန် မစ္စခရစ္စတင်း ဘာဂျီနာနဲ့ တွေ့ဆုံပြီး မြန်မာအရေးဆွေး နွေးခဲ့ပါတယ်။
မြန်မာနိုင်ငံ သွေးထွက်သံယိုပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအဆင့်မြင့်ဝန်ကြီးတွေနဲ့တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ကုလအထူးကိုယ်စားလှယ်ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကို ဧပြီ ၂၂ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။
မစ္စဘာဂျီနာဟာ ဒီကနေ့ ဂျာကာတာမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိခဲ့ပေမဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး သံတမန်နည်းအရ မြန်မာနိုင်ငံ ပြဿနာကို အဖြေရှာကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။
အထူးသံတမန် ခရစ္စတင်းဘာဂျီနာဟာ မြန်မာနိုင်ငံကိုသွားရောက်ခွင့်ရဖို့ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက ကြိုးပမ်းခဲ့ပေမဲ့ စစ်တပ်က သူ့ကို မြန်မာပြည် လာရောက်ခွင့်မပြုခဲ့ပါဘူး။
PHOTO-ASEAN FM
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု အရေးကို ဆွေးနွေးဖို့ ဖြစ်နိုင်ချေကို အင်ဒိုနီးရှားနိုင်ငံက အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ တိုင်ပင်နေတယ်လို့ ချန်နယ်နယူးစ် အေးရှ သတင်းဌာနမှာ ဖော်ပြပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရဒ်နို မာရ်ဆူဒီဟာ သူ့ရဲ့ ဒေသတွင်း ခရီးစဉ်မှာ ပထမဆုံးအနေနဲ့ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက စော်ဘွား ဆူလ်တန် ဟတ်ဆာနယ် ဘိုလ်ကီးယားနဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ တွေ့ဆုံခဲ့ရာမှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ချက်ချင်း အစည်းအဝေးခေါ်ဖို့ အရေးကြီးမှုကို ဘရူနိုင်းစော်ဘွားက အလေးပေး ပြောဆိုခဲ့တယ်လို့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။
မြန်မာ့အရေး အထူး အစည်းအဝေး ကျင်းပဖို့ ဘရူနိုင်းနိုင်ငံကို ပြောရေး မလေးရှားဝန်ကြီးချုပ် မာယစ်ဒင်ယာဆင်နဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုတို့က သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို အသီးသီး ညွှန်ကြားရေး သဘောတူအပြီးမှာ မာရ်ဆူဒီရဲ့ ခရီးစဉ် စတင်ခဲ့တာပါ။
ဖေဖော်ဝါရီ ၁ ရက်က မြန်မာစစ်တပ်ဟာ ရွေးကောက်ခံ အရပ်သားအစိုးရဆီက အာဏာသိမ်းပြီး တနှစ် အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။ ဒါ့ အပြင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက နိုင်ငံရေး ခေါင်းဆောင်တွေ အပါအဝင် မြန်မာ့ နိုင်ငံရေးမှာ ထင်ရှားသူ အတော်များများကိုပါ ဖမ်းဆီးခဲ့ပါတယ်။
စစ်အာဏာစသိမ်းတည်းက မြန်မာနိုင်ငံတွင်းက အခြေအနေကို စိုးရိမ်ကြောင်း အင်ဒိုနီးရှားနိုင်ငံက ဖော်ပြခဲ့ပြီးပြီ လို့ မဒမ် မာရ်ဆူဒီက ပြောပါတယ်။ ဒါပေမဲ့ မြန်မာကို ကူညီဖို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အင်ဒိုနီးရှားက ဘာလုပ်နိုင်မလဲဆိုတာ မေးခွန်းဖြစ်နေဆဲပဲလို့ သူက ဆက်ပြောပါတယ်။
အာဆီယံ ပဋိညာဉ်စာတမ်းထဲမှာ ဖော်ပြထားတဲ့ အချက်တွေကို လေးစားဖို့က အာဆီယံ အဖွဲ့ဝင် နိုင်ငံတိုင်းရဲ့ တာဝန်ပဲလို့လည်း သူက ပြောပါတယ်။
အာဆီယံ ပဋိညာဉ် စာတမ်း ပုဒ်မ ၁/၇ ထဲမှာ ဒီမိုကရေစီကို အားဖြည့်ဖို့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို တိုးမြှင့်ဖို့၊ အခြေခံလွတ်လပ်ရေးနဲ့ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ဖို့ ပါရှိတယ်လို့ မာရ်ဆူဒီက ဆက်ပြောပါတယ်။
အင်ဒိုနီးရှားဟာ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရေး စည်းမျဉ်းကို ကိုင်စွဲပြီး မြန်မာပြည်သူတွေရဲ့ ဘေးကင်းရေး နဲ့ လူမှုဖူလုံရေး အပြုသဘောဆောင်တဲ့ ထိတွေ့မှုကို ထိပ်တန်းဦးစားပေးအနေနဲ့ ဆောင်ရွက်မယ်လို့ မာရ်ဆူဒီက ဆက်ပြောပါတယ်။
လက်ရှိအခြေအနေကို ကျော်လွှားဖို့ မြန်မာကို ကူညီရေး အသင့်တော်ဆုံး နည်းလမ်းက အာဆီယံလုပ်ငန်းစဉ်ပဲ ဆိုတာ အင်ဒိုနီးရှားနိုင်ငံက ယုံကြည်တယ်။ တခြား အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း ဆက်ပြီး ဆက်သွယ်သွားမယ်လို့ မာရ်ဆူဒီက ပြောခဲ့ပါတယ်။
သူဟာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်နဲ့လည်း ကြာသပတေးနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။