ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ကာလအတန်ကြာ ပိတ်ပင်ထားခဲ့ရတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ ပြန်ပြီးလည်ပတ်နိုင်ဖို့အတွက် လာမယ့်နိုဝင်ဘာ ၁ ရက်နေ့က စပြီး နိုင်ငံရပ်ခြား ခရီးသွားဧည့်သည်တွေ ပြန်လည်လက်ခံတော့မယ်လို့ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက အောက်တိုဘာ ၁၁ ရက် ညမှာ ထုတ်ပြန်ပြောကြားပါတယ်။
တိုင်းပြည်တံခါးပြန်ဖွင့်မယ့်အစီအစဉ်ကို ကိုဗစ်-၁၉ ထိန်းချုပ်မှုစီမံကွပ်ကဲရေး ဗဟိုကော်မတီနဲ့ ကျန်းမာရေးဌာနတို့ သေချာဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း၊ နိုင်ငံခြားသားတွေအနေနဲ့ လေကြောင်းကနေ ဝင်ရောက်လာရမှာဖြစ်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်စုံလုံး ထိုးနှံထားပြီး ထိုင်းနိုင်ငံ မလာခင်ရှေ့ကလည်း RT_PCR စနစ်နဲ့ ကိုဗစ်-၁၉ စစ်ဆေးပြီးကြောင်း အထောက်အထားပြရမှာ ဖြစ်ကြောင်း၊ ထိုင်းမှာလည်း တစ်ခေါက်ထပ်စစ်ပြီးရင် ကွာရန်တင်း ဝင်စရာမလိုဘဲ နိုင်ငံတွင်း လွတ်လပ်စွာ လည်ပတ်ခွင့်ရှိမယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်မှုလျော့ပါးသွားတဲ့ တရုတ်၊ အမေရိကန်၊ စင်ကာပူ၊ အင်္ဂလန် ပြင်သစ်၊ ဂျာမဏီ အစရှိတဲ့ ၁၀ နိုင်ငံက ဝင်ရောက်လာသူတွေအနေနဲ့ ကွာရန်တင်း ဝင်စရာ မ လိုကြောင်း၊ ကူးစက်မှုမြင့်မားဆဲနိုင်ငံကနေ လာတယ်ဆိုရင်တော့ ခါတိုင်းလို ၁၄ ရက် ကွာရန်တင်းဝင်ရဦးမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ကစ စားသောက်ဆိုင်နဲ့ အဖျော်ယမကာဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်ခွင့်နဲ့ အပန်းဖြေလည်ပတ်စရာနေရာတွေလည်း ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
လက်ရှိနိုင်ငံတွင်းမှာ ကိုဗစ် ၁၉ ကူးစက်မှုရှိနေဆဲဖြစ်ပေမယ့်လည်း တဘက်က စီးပွ◌ားရေးကို မြှင့်တင်ရမှာမို့ ကူးစက်မှုတွေပိုများလာရင် ဘယ်လိုရင်ဆိုင်မလဲဆိုတာတွေလည်း ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း ၊ ဒီဇင်ဘာလဟာ နှစ်သစ်ကူးကြိုဆိုမယ့်ကာလ ဖြစ်တာကြောင့် ရွှေ ကာလလို့ ပြောနိုင်ပြီး ဒီအခွင့်အရေးကိုလက်လွှတ်မခံဘဲ တဘက်ကလည်း စိမ်ခေါ်မှုတွေကို လက်သင့်ခံနိုင်ဖို့ ကြိုုတင်ပြင်ဆင်စီမံထားရမယ်၊ ကာကွယ်ဆေးတွေလည်း လုံလောက်အောင် မှာယူ တင်သွင်းနေတယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၁၀၀၀ အောက်လျော့သွားရာက ခုရက်ပိုင်းတွင်း ၁၀၀၀၀ ကျော်ပြန်မြင့်လာလို့ ဝန်ကြီးချုပ်ရဲ့ နိုင်ငံ့တံခါးပေါက် ပြန်ဖွင့်မယ့်အစီအစဉ်ကို ဝေဖန်မှုတွေလည်း မြင့်တက်လျက်ရှိပါတယ်။