နိုင်ငံခြာပြန်

A d v e r t i s e m e n t With Us

June 13, 2020

နိုင်ငံခြားမှပြန်လာသည့် တောင်ဥက္ကလာပဆေးရုံက ကိုဗစ်-၁၉ လူနာများ ကျန်းမာရေးကောင်း

ကိုဗစ်-၁၉ အတည်ပြုလူနာတွေ ကုသပေးနေတဲ့ တောင်ဥက္ကလာပဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေတဲ့ နိုင်ငံခြားပြန်တွေအားလုံး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း တောင်ဥက္ကလာပဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးက ဒီဗွီဘီကို ပြောပါတယ်။ ပြည်ပနိုင်ငံအသီးသီးက ပြန်လာတဲ့သူတွေဆီမှာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိပြီးနောက် သက်ဆိုင်ရာဆေးရုံတွေကို လွှဲပြောင်းကုသပေးထားတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကိုဗစ်ပထမလှိုင်းလို့ ခေါ်ကြတဲ့ ပြည်တွင်းကူးစက်မှုတွေ ရပ်တန့်ပြီးနောက် ဒုတိယလှိုင်းအဖြစ် နိုင်ငံခြားပြန်တွေဆီမှာ ပိုးတွေ့လာရာမှာ တောင်ဥက္ကလာပဆေးရုံကြီးမှာတော့ နိုင်ငံခြားပြန်လူနာ ၁၄ ယောက်ရှိပြီး အယောက် ၃၀ မှာ ပြည်တွင်းကူးစက်ရာကနေ ဆေးဝါးကုသမှု ခံယူနေရဆဲ လူနာတွေဖြစ်တာကြောင့် တောင်ဥက္ကလာပဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေတဲ့ လူနာစုစုပေါင်းဟာ ၄၄ ယောက်ရှိနေပါတယ်။ ဒါ့အပြင် ပြည်တွင်းကူးစက်သူတွေနဲ့ နိုင်ငံခြားပြန်လူနာတွေကို ကုသပေးရာမှာ သူတို့တွေရဲ့ ဗိုင်းရပ်ပိုး သဘောသဘာဝချင်းသိပ်ကွာခြားမှုမရှိကြောင်း၊ သူတို့အားလုံးကို ဆေးဝါးကုသမှု ကောင်းကောင်းပေးနိုင်တယ်လို့ ဒေါက်တာဝင်းမော်ဦးက ပြောပါတယ်။ နိုင်ငံခြားက ပြန်လာသူတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့  မြန်မာနိုင်ငံကို ပြန်လည်ခေါ်လာပြီးနောက်  ဇွန်လ ၁၂ ရက်နေ့အထိစာရင်းအရ အိန္ဒိယနိုင်ငံက ပြန်လာသူ ၄၆ ယောက်၊ မလေးရှားကပြန်လာသူ ၁၃ ယောက်၊ ယူအေအီးက ပြန်လာသူ ၈ ယောက်နဲ့ အီတလီကပြန်လာသူ ၂ ယောက်အပါအဝင် စုစုပေါင်း ၆၉ ယောက်မှာ  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားပါတယ်။ မြန်မာတနိုင်ငံလုံးမှာတော့ ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၁ ထဲမှာ ရန်ကုန်တိုင်းက ပိုးတွေ့လူနာ ၂၀၁ ယောက်ရှိပြီး ၁၂၈ ယောက်က ရောဂါပြန်လည်သက်သာသွားပြီ ဖြစ်ပါတယ်။
9 months Ago
Up