မြန်မာနိုင်ငံမှာ ဆက်ရှိနေတဲ့ စစ်အုပ်ချုပ်ရေးကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ နိုင်ငံတကာဒီမိုကရေစီစနစ်ကို ဖျက်ဆီးတာဖြစ်တယ်လို့ နိုင်ဂျီးရီးယားအလုပ်သမားကွန်ဂရက် (NLC) က ဝေဖန်လိုက်ပါတယ်။
မြန်မာစစ်တပ် အုပ်ချုပ်သူတွေဟာ နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ဆက်လက်တည်တံ့အောင်လုပ်နေတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းကတည်းက လူ ၁၀၀၀ ကျော်သေဆုံးပြီး အရပ်သားပြည်သူ ၅၀၀၀ ကျော် အဖမ်းခံထားရတယ်လို့ NLC ဥက္ကဋ္ဌ အဘူယာဝက်ဘေရဲ့ စက်တင်ဘာ ၁၄ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အလုပ်သမား ၃ သိန်းကျော်လည်း အလုပ်ပြုတ်သွားခဲ့ရပြီး လူပေါင်း ၁၇၅၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ ရှောင်တိမ်းနေကြရပါတယ်။
အာဏာသိမ်းမှုနဲ့ ကိုဗစ်-၁၉ တတိယလှိုင်းက မိသားစု ၈၃ ရာခိုင်နှုန်းရဲ့ ၀င်ငွေကို ထက်ဝက်ကျဆင်းစေခဲ့ပြီး အခုဆိုရင် မြန်မာနိုင်ငံက လူ ၂၅ သန်းကျော်ဟာ အကြွင်းမဲ့ ဆင်းရဲတွင်းထဲ ရောက်နေရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကပ်ဆိုးကို အဆုံးသတ်ဖို့ စစ်တပ်ကအာဏာသိမ်းတာကို အမြန်ဆုံးအရေးယူဖို့ နိုင်ဂျီးရီးယားအစိုးရကို တောင်းဆိုပါတယ်။
နိုင်ဂျီးရီးယားက အလုပ်သမားအဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ဖို့နဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ပြန်လည်ထူထောင်ဖို့ မြန်မာနိုင်ငံရှိ အာဏာဖီဆန်ရေး စီဒီအမ်လှုပ်ရှားမှုနဲ့ အလုပ်သမားသမဂ္ဂလှုပ်ရှားမှုတို့ကို အပြည့်အဝထောက်ခံတယ်လို့လည်း ဖော်ပြထားပါတယ်။
PHOTO- ITUC-Africa