နိုင်ဂျီးရီးယားနိုင်ငံ

June 6, 2022

နိုင်ဂျီးရီးယားနိုင်ငံက ခရစ်ယာန်ဘုရားကျောင်းတွင် ပစ်ခတ်မှုကြောင့် လူ ၅၀ ထက်မနည်း သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ၊ အွန်ဒိုပြည်နယ်က ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းတဆောင်ကို သေနတ်သမားတွေက ဇွန် ၅ ရက်မှာ တိုက်ခိုက်ခဲ့လို့ လူအယောက်  ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ ဆရာဝန်တယောက်နဲ့ ဒေသခံ မီဒီယာတွေက ပြောပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် ရောက်လာတဲ့ အလောင်း ၅၀ ထက်မနည်းကို အိုဝိုမြို့အတွင်း ပြည်ထောင်စုဆေးဝါးဌာနနဲ့ စိန့်လူးဝစ် ကက်သလစ်ဆေးရုံတွေဆီ ရွှေ့ပြီးပြီလို့ နိုင်ဂျီးရီးယား အနောက်တောင်ဘက် အိုဝိုမြို့ဆေးရုံက ဆရာဝန်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ အလွန် စက်ဆုပ်ရွံရှာစရာကောင်းတယ်လို့ သမ္မတ မူဟမ်မာဒူဘူဟာရီက ပြစ်တင် ရှုတ်ချပါတယ်။

တိုက်ခိုက်သူတွေရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်သူဘယ်ဝါ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သေနတ်သမားတွေဟာ ဝတ်ပြုနေသူတွေကို ပစ်ခတ်ခဲ့ပြီး ဘုရားကျောင်းထဲမှာ ဖောက်ခွဲရေး ပစ္စည်းတွေကို ဖောက်ခွဲခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ပြောပါတယ်။

အာဖရိကရဲ့ လူဦးရေ အများဆုံးနိုင်ငံ နိုင်ဂျီးရီးယားမှာ အထူးသဖြင့် အနောက်မြောက်ပိုင်းမှာ  လက်နက်ကိုင်ဂိုဏ်းတွေက ပြန်ရွေးငွေအတွက် ပြန်ပေးဆွဲတာတွေ၊ တိုက်ခိုက်တာတွေကို မြင်တွေ့ နေခဲ့ပြီးပါပြီ။ 

တိုက်ခိုက်မှုအပြီးမှာ အွန်ဒိုပြည်နယ် အုပ်ချုပ်ရေးမှူးက မြို့တော် အဘူဂျာဆီ သွားမယ့် ခရီးစဉ်ကို ဖျက်သိမ်းပြီး ပြည်နယ်ဆီ ပြန်လာခဲ့ပါတယ်။ တိုက်ခိုက်သူတွေကို မရမက လိုက်ဖမ်းပြီး အပြစ်အတိုင်း ပေးဆပ်ခိုင်းဖို့ ရနိုင်သမျှ အရင်းအမြစ်တိုင်းကို သုံးဖို့ ကတိပြုတယ်လို့လည်း သူက ကြေညာချက် ထုတ်ပြန်ပြောပါတယ်။

10 months Ago

September 30, 2021

နိုင်ဂျီးရီးယားနိုင်ငံ စီတန်းလှည့်လည်ပွဲအတွင်း ပစ်ခတ်မှုကြောင့် ၁၀ ဦးခန့် သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံမြို့တော် အဘူဂျာမှာ စက်တင်ဘာ ၂၈ ရက်က တားမြစ်ပိတ်ပင်ခံ ရှီးယိုက် မွတ်စလင်အုပ်စုတစုရဲ့ စီတန်းလှည့်လည်ပွဲ ပစ်ခတ်မှုတွေကြောင့် ၁၀ ယောက်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စီတန်းလှည့်လည်သူတွေကို သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်ကို ရဲတပ်ဖွဲ့က ငြင်းပေမယ့် မျက်မြင်သက်သေတွေထဲက တယောက်ကတော့ လူ ဆယ်ယောက်လောက် သေဆုံးတယ်လို့  ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အားဘိုင်ဘာသသာရေးဝတ်ပြုပွဲ အထိမ်းအမှတ် စီတန်း လှည့်လည်ပွဲမှာ ပါဝင်သူ ရှီးယိုက် မွတ်စလင် ဆယ်ယောက်လောက်ကို အသေပစ်သတ်ခဲ့တယ်လို့ နိုင်ဂျီးရီးယားအစ္စလာမစ်လှုပ်ရှားမှု (IMN) ရဲ့ အဖွဲ့ဝင် တယောက်ကလည်း ဆိုပါတယ်။

  တခြားအုပ်စုဝင်တွေကတော့ လူ ၈ ယောက် သေဆုံးတယ်လို့ ပြောပါတယ်။

  အဘူဂျာ- ကူဘွာ အဝေးပြေးလမ်းတယောက် ယာဉ်မောင်းတွေကို မလိုလားအပ်ဘဲ အနှောင့်အယှက် ဖြစ်စေတဲ့ IMN အဖွဲ့ဝင်တွေကို ဟန့်တားဖို့ အရေးယူခဲ့တာလို့ အဘူဂျာမြို့တော် ရဲတပ်ဖွဲ့က ပြောပါတယ်။

  IMN ခေါင်းဆောင်အား ဖမ်းဆီးတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအပြီး အစိုးရက IMN အဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။

  အရင်တုန်းက IMN ရဲ့ ပွဲတွေကိုလည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ဖူးတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

1 year Ago
Up