နားထောင်သောအလေ့

May 24, 2020

စစ်အစိုးရခေတ်က ဖယ်ကြဉ်ခံခဲ့ရသည့် စာရေးဆရာကြီးများ၏ စာပေများ ၁၀ တန်း သင်ရိုးသစ်တွင် ထည့်သွင်းဖော်ပြ

လူထုဦးလှ၊ လူထုဒေါ်အမာ၊  ဝင်းဖေ၊ အောင်သင်း၊ မင်းလူ  အစရှိတဲ့ စစ်အစိုးရလက်ထက်က ဖယ်ကြဉ်ခံခဲ့ရတဲ့ စာရေးဆရာကြီးတွေရဲ့ စာပေတွေကို GRADE-10 ပင်ရင်းမြန်မာစာ သင်ရိုးသစ်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။ ဒသမတန်း ကျောင်းသုံး ပင်ရင်းမြန်မာစာ အပိုင်း (၁)  အပြောသင်ခန်းစာတွေထဲမှာ လူထုဦးလှ ရေးသားတဲ့ “နားထောင်သောအလေ့” အလေ့ဆောင်းပါးကို ထည့်သွင်းဖော်ပြထားသလို၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ “အမေ့ ရှေးစကား” မှ မန္တလေးသင်္ကြန်အကြောင်း ဆောင်းပါး၊   နုယဉ်ရဲ့ “မြန်မာပုံပြင်များ”မှ ကောက်နုတ်ချက်တွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ စွယ်စုံရ အနုပညာရှင် စာရေးဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာ၊ ဒါရိုက်တာ ဦးဝင်းဖေ  ဘီဘီစီ သတင်းဌာနကနေ ထုတ်လွှင့်ခဲ့တဲ့ “ဝင်းဖေ၏ လွယ်အိတ်”  ရေဒီယို အစီအစဉ်ပါ အသံလွှင့်ချက်တွေကိုလည်း တစ်ဦးတည်းအပြောပုံစံ နမူနာ သင်ခန်းစာအဖြစ် ထည့်သွင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ဆရာအောင်သင်းရဲ့ “အမွေ” မှ ကောက်နုတ်ချက်၊ စာရေးဆရာ ဝင်းငြိမ်းနဲ့ မင်းလူတို့ရဲ့ နှစ်ဦးအပြန်အလှန် အပြောပုံစံ စာပေအင်တာဗျူး၊ ချစ်ဦးညိုရဲ့ “ညီမူရာ စကားဝိုင်း” မှ ကောက်နုတ်ချက်၊ မောင်ထင်ရဲ့ “အာဇာနည် မိခင်” ပြဇာတ်ကောက်နုတ်ချက်၊ ငွေဥဒေါင်းရဲ့  “သိပါပြီ အမေရယ်”ဝတ္ထုမှ ကောက်နုတ်ချက်နဲ့  မောင်ခင်မင်(ဓနုဖြူ)ရဲ့ စာပေစကားဝိုင်း ကောက်နုတ်ချက်တွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ စစ်အစိုးရတွေလက်ထက်မှာ စာရေးဆရာကြီးတွေရဲ့ စာပေတွေကို ထုတ်ဝေခွင့်မပြုတာ၊ ဆင်ဆာဖြတ်တောက်တာ၊ ပိတ်ပင်တားဆီးတာရှိခဲ့သလို စာရေးဆရာတချို့ကို ထောင်သွင်း အကျဉ်းချခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ကွယ်လွန်သွားကြပြီဖြစ်တဲ့ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ဟာ လူထုအကျိုးပြုစာပေတွေ အမြောက်အမြား ရေးသားခဲ့ကြပေမယ့်  အမျိုးသားစာပေဆု ချီးမြှင့်ခံခဲ့ရခြင်းမရှိခဲ့ပါဘူး။ 
11 months Ago
Up