နားကျပ်တပ်ဆင်ရင်း

March 15, 2017

နားကျပ်တပ်ဆင်ရင်း လေယာဉ်စီးရာမှ ပေါက်ကွဲ မီးလောင်မှုဖြစ် (ရုပ်သံ)

အမျိုးသမီးတဦး လေယာဉ်စီးရင်း နားကျပ်တပ်ဆင် သုံးစွဲရာမှ နားကျပ်ပေါက်ကွဲ မီးလောင်မှုဖြစ်ခဲ့လို့ သြစတြေးလျ အာဏာပိုင်တွေက လေယာဉ်တွေပေါ်မှာ ဘက်ထရီစွမ်းအင် လျှပ်စစ်ပစ္စည်းတွေ သုံးစွဲမှုရဲ့ ဘေးအန္တရာယ်တွေကို သတိပေးလိုက်တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံ ဘေဂျင်းမှ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ကိုသွားတဲ့ လေယာဉ်ခရီးစဉ်အတွင်း နားကျပ်တပ်ဆင်ပြီး အိပ်ပျော်လာခဲ့တဲ့ အမျိုးသမီးက ပေါက်ကွဲသံကြောင့် အိပ်ပျော်ရာကနေ နိုးသွားတယ်လို့ ဆိုပါတယ်။ ဒီနောက် နားကျပ်ကို မီးစွဲလောင်ကျွမ်းပြီး အရည်ပျော်သွားခဲ့ပါတယ်။ အခုလို ပေါက်ကွဲမီးလောင်သွားမှုကြောင့် အဲဒီအမျိုးသမီးရဲ့မျက်နှာ မည်းသွားသလို သူမရဲ့လက်တွေမှာလည်း အရည်ကြည်ဖုတွေ ဖြစ်သွားတယ်လို့ ဆိုပါတယ်။ နားကျပ်ပေါက်ကွဲစဉ်က သူမဟာ သီချင်းနားထောင်နေတာလို့ အမည်မဖော်လိုတဲ့ အဲဒီ လေယာဉ်စီးသူ အမျိုးသမီးက သြစတြေးလျ သယ်ယူပို့ဆောင်မှု လုံခြုံစိတ်ချရေးဌာန (အေတီအက်စ်ဘီ) ကို ပြောပါတယ်။ “ကျမမျက်နှာပေါ်က နားကျပ်ကို ဆွဲယူပြီး လည်ပင်းနားထားလိုက်တယ်။ ဒါပေမယ့် ညှော်နံ့ဆက်ထွက်နေလို့ လေယာဉ်ကြမ်းပေါ် ပစ်လိုက်တာပါ။ နားကျပ်မှာ မီးဖွားတွေနဲ့ မီးနည်းနည်းလောင်သွားတယ်။” လေယာဉ်ဝန်ထမ်းတွေလည်း အမြန်ပြေးလာပြီး နားကျပ်ပေါ်ကို ရေတွေလောင်း မီးငြှိမ်းသတ်ခဲ့ရပြီး အဲ့ဒီအချိန်မှာ ဓာတ်ခဲနဲ့ ပလတ်စတစ်အဖုံးက အရည်ပျော်ကာ ကြမ်းပြင်ကိုတောင် ကပ်နေတယ်လို့ သိရပါတယ်။ “လေယာဉ်ပေါ်က တခြားခရီးသည်တွေလည်း ပလတ်စတစ်ညှော်နံ့ လျှပ်စစ်ပစ္စည်းမီးလောင်နံ့နဲ့ ဆံပင်မီးလောင်နံ့တွေကို သည်းခံခဲ့ရတယ်” လို့ အေတီအက်စ်ဘီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ နားကျပ်က ဘယ်ကုန်ပစ္စည်းအမှတ်တံဆိပ် ဆိုတာကိုတော့ မဖော်ပြခဲ့ပေမယ့် ဒီလိုဖြစ်တာက လစ်သူရီယမ်အိုင်းရွန်း ဓာတ်ခဲကြောင့်ဖြစ်မယ်လို့ ယူဆနေပါတယ်။ အေတီအက်စ်ဘီက ဓာတ်ခဲတွေ၊ စွမ်းအင်ဘူးတွေ သုံးတာနဲ့ ဆက်စပ်ပြီး လုံခြုံစိတ်ချစွာ ခရီးသွားလာရေးနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက် ထုတ်ပြန်ရာမှာ “ဓာတ်ခဲအသုံးပြုရတဲ့ ကုန်ပစ္စည်းတွေ ပိုသုံးလာလေ လေယာဉ်ခရီးစဉ်အတွင်း ပြဿနာတွေ ပိုများလာနိုင်ခြေရှိတယ်” လို့ သတိပေးထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကလည်း လေယာဉ်တွေပေါ်မှာ လစ်သူရီယမ်ဓာတ်ခဲတွေကြောင့် ပြဿနာတော်တော်များများ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
5 years Ago
Up