နာလန်ထူရေး

May 11, 2020

အစ္စရေးလေကြောင်းလိုင်းများ နာလန်ထူရေး ဆွေးနွေး

 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ခရီးစဉ် မပြေးဆွဲနိုင်တဲ့ လေကြောင်းလိုင်းတွေ ပြန်လည် နာလန်ထူရေးစီမံကိန်းအတွက် အစ္စရေး ဘဏ္ဍာရေးဝန်ကြီး မိုရှေယာလွန်ဟာ လေကြောင်းလိုင်းအရာရှိတွေ နဲ့ မေလ ၁၀ ရက်က ဆွေးနွေးခဲ့ပါတယ်။ ခြေကုန်လက်ပန်းကျနေတဲ့ လေကြောင်းလိုင်း အယ်လ်လာဟာ အကြပ်အတည်း ကာလ အတွင်း ကူညီဖို့ အမေရိကန်ဒေါ်လာ သန်း ၄၀၀ အစိုးရချေးငွေ ရဖို့ ကြိုးစားနေတာပါ။ ကူးစက်ကပ်ဘေးကြောင့် နိုင်ငံခြားသားတွေ အစ္စရေးနိုင်ငံထဲ ဝင်ခွင့် မပြုသလို နိုင်ငံသားတွေဟာလည်း ရောဂါခြေချုပ်နဲ့ တယောက်တည်း ကန့်သတ်နေထိုင်ဖို့ စည်းမျဉ်း ထုတ်ပြန်ထားပါတယ်။  အယ်လ်လာလေကြောင်းလိုင်းဟာ မေလကုန်ထိ ခရီးသည်တင်လေကြောင်း ခရီးစဉ်တွေကို ဆိုင်းငံ့ထားပြီး လုပ်သားအယောက် ၆၀၀၀ လောက်ကိုတော့ ဇွန် ၃၀ ရက်ထိ လစာမဲ့ခွင့်ယူခိုင်းထား ပါတယ်။  ပြန်နာလန်ထူရေးအစီအစဉ် အစိတ်အပိုင်းအနေနဲ့ လေကြောင်းလိုင်းမှာ လူလျှော့ဖို့ ဝန်ကြီးဌာနရဲ့ တောင်းဆိုချက်ကို အယ်လ်လာက သဘောမတူနိုင်သလို ရှယ်ယာ ဝေစုရှင်တွေကလည်း ငွေထပ်ထည့်ဖို့ ငြင်းဆန်နေတယ်လို့ ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။  လေကြောင်းလိုင်းဟာ အလုပ်က ထုတ်ပယ်ခံရသူ အရေအတွက် တချို့ပါတဲ့ စီမံကိန်းကို တင်ပြခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။  ဒါပေမယ့် ဘယ်လို အလုပ်ထုတ်မှုမဆို လေကြောင်းလိုင်းသမဂ္ဂရဲ့ သဘောတူညီချက် လို အပ်ပြီး လောလောဆယ်တော့ သဘောတူညီချက် မရသေးဘူးလို့ လေကြောင်းလိုင်း ပြောခွင့်ရက ဆိုပါတယ်။   
11 months Ago
Up