နာမည်ကြီး ထိုင်းရုပ်သံသရုပ်ဆောင် မင်းသမီး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရ

September 19, 2017

နာမည်ကြီး ထိုင်းရုပ်သံသရုပ်ဆောင် မင်းသမီး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမှ နာမည်ကြီး ရုပ်သံသရုပ်ဆောင် မင်းသမီးတဦးဖြစ်တဲ့ အမ်မလီယာ ဂျက်ကော့ဘ်ဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အေမီလို့ ပရိသတ်တွေကသိကြတဲ့ အသက် ၂၈ နှစ်အရွယ် သရုပ်ဆောင်မင်းသမီးကို ဒီနေ့လယ် ၁၂း၃၀ နာရီမှာ ဆူခဖီဘန် ၅ လမ်းမကြီးပေါ်မှ ချိုင်ရာပရူးရက်အိမ်ရာမှာ သူ့ချစ်သူ အမျိုးသားတဦးနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ခရီးသွားလုပ်ငန်း ရဲဗျူရိုမှ ဒု-ရဲချုပ် ဆူရာချက် ဟက်ခ်ဖန်က သတင်းမီဒီယာတွေကို ပြောလိုက်တာပါ။ သူနဲ့အတူ အသက် ၄၀ အရွယ် ချစ်သူအမျိုးသား ပန်ရာဝပ် ဟီရန်တီချာပါ နေအိမ်မှာ ရှိနေတာဖြစ်ပြီး မက်သဖက်တမင်း (အိုက်စ်) မူးယစ်ဆေးဝါး အလေးချိန် ၇၀ ဂရမ်၊ စိတ်ကြွမူးယစ်ဆေးပြား ၁၆ ပြားနဲ့ မူးယစ်ဆေးဝါးချိန်တွယ်ရာမှာ အသုံးပြုတဲ့ ချိန်ခွင်တခု အပါအဝင် တခြား တိုလီမုတ်စပစ္စည်းတွေကိုပါ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ဒီဖမ်းဆီးမှုဟာ နတ်လို့ အမည်ရတဲ့ အမျိုးသားတဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခဲ့ပြီးနောက်မှာ ကွင်းဆက်အဖြစ် ဆက်လက်ပေါ်ပေါက်လာခဲ့တာပါ။ အဲဒီအမျိုးသားကို ဘန်ကောက်မြို့၊ လက်ဖရာအိုခရိုင်တွင်းမှာ မက်သဖက်တမင်း မူးယစ်ဆေးပြားတွေနဲ့ ဖမ်းမိခဲ့တာဖြစ်ပြီး စစ်မေးချိန်မှာတော့ သူက ဒါတွေကို ပန်ရာဝပ်ဆီက ဝယ်ခဲ့တယ်လို့ ဝန်ခံခဲ့တာပါ။ ပန်ရာဝပ်နဲ့ အမ်မလီယာတို့ဟာ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာ ပူးပေါင်းကြံစည်ခဲ့တယ်လို့ ဝန်ခံထားပြီး အိုက်စ်မူးယစ်ဆေးဝါး ၁၀၀ ဂရမ်ကို ဘတ်ငွေ ၄ သောင်းနဲ့ ဝယ်ယူပြီး ၁ ဂရမ်ကို ဘတ်ငွေ ၈၀၀ နဲ့ တဆင့်ပြန်လည်ရောင်းချခဲ့ကြတယ်လို့ ဆိုပါတယ်။ သူဟာ လွန်ခဲ့တဲ့ တနှစ်ကျော်ကာလလောက်ကတည်းက အနုပညာလောကပြင်ပမှ သူငယ်ချင်းတဦးရဲ့ မိတ်ဆက်မှုနဲ့ မူးယစ်ဆေးဝါးကို စတင်သုံးနေခဲ့တာဖြစ်တယ်လို့ အမ်မလီယာက ပြောပါတယ်။ လက်ရှိမှာတော့ သူတို့ ၂ ဦးကို ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အမ်မလီယာဟာ ၂၀၀၆ ခုနှစ်က ထိုင်းနိုင်ငံရဲ့ ဆယ်ကျော်သက်အလှမယ်တဦး ဖြစ်ခဲ့ပြီး ထိုင်းဒရာမာရုပ်သံချန်နယ် ၇ မှာ ပြသနေတဲ့ သီဒါဝါနွန် အမည်ရတဲ့ ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်ပါဝင်ထားတာ ဖြစ်ပါတယ်။
4 years Ago
Up