နာဗန်ညီ

October 7, 2020

ရုရှား အတိုက်အခံခေါင်းဆောင် အဆိပ်ခတ်ခံရမှုအပေါ်  အရေးယူနိုင်ရန် ဂျာမနီ ကြိုးပမ်း

ရုရှားအစိုးရကို ဝေဖန်သူ အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်ညီဟာ နိုဗီချော့ခ် အာရုံကြောအဆိပ်မိသားစုဝင် အဆိပ်တမျိုးနဲ့ လုပ်ကြံခံရတယ်ဆိုတာ ကမ္ဘာလုံးဆိုင်ရာ ဓာတုပစ္စည်းများ စောင့်ကြည့်ရေးအဖွဲ့က အတည်ပြုအပြီးမှာ ဘယ်လို အရေးယူမလဲ ဆိုတာ မိတ်ဖက်တွေနဲ့ ဆွေးနွေးမယ်လို့ ဂျာမန်အစိုးရက အောက်တိုဘာ ၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး ဟိုက်ခိုမားစ်က “နောက်ခြေလှမ်းကတော့ ဓာတုလက်နက် ပိတ်ပင်တားမြစ်ရေးအဖွဲ့ရဲ့ကောင်စီနဲ့ ဥရောပသမဂ္ဂ မိတ်ဘက်တွေနဲ့ ဆွေးနွေးဖို့ပါပဲ။ ဓာတုလက်နက်ကို ဘယ်လိုသုံးစွဲမှုမျိုးကိုမဆို လုံးဝ လက်မခံနိုင်ဘူး။ တုံ့ပြန်မှုမရှိဘဲနေမှာ မဟုတ်ဘူးလို့လည်း” သတင်းထောက်တွေအတွက် ကြေညာချက်ထဲမှာ ပြောပါတယ်။ နာဗယ်ညီဟာ ဆိုက်ဘေးရီးယားမှာ မဲဆွယ်အပြီး လေယာဉ်နဲ့ မော်စကိုမြို့တော်ဆီ ပြန်အလာ လေယာဉ်ပေါ်မှာ သြဂုတ် ၂၀ ရက်က နေမကောင်းဖြစ်ပြီး လဲကျခဲ့ပြီးနောက် သူ့ကိုဆေးကုဖို့ ဂျာမနီနိုင်ငံ မြို့တော်ဘာလင်ဆီကို လေယာဉ်နဲ့ ခေါ်လာခဲ့ရတာ ဖြစ်ပါတယ်။ အခုချိန်မှာ နာဗယ်ညီကတော့ ဆေးရုံက ဆင်းပြီးပါပြီ။ ရုရှားကိုပြန်ဖို့ စီစဉ်နေပါတယ်။  ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရာမှာ ကူညီဖို့ ရုရှားကို ဂျာမနီနဲ့ တခြား အနောက်နိုင်ငံ အစိုးရတွေက ဆော်သြခဲ့ကြပါတယ်။ ရုရှားအစိုးရကတော့ နာဗယ်ညီကို အဆိပ်ခတ်ရာမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
7 months Ago

အဆိပ်မိခဲ့သည့် ရုရှားအတိုက်အခံခေါင်းဆောင် နာဗန်ညီ ကျန်းမာရေးကောင်းမွန်လာ

အဆိပ်မိလို့ ဆေးကုသမှုခံယူခဲ့ရတဲ့ ရုရှားအစိုးရ ဝေဖန်သူ အတိုက်အခံခေါင်းဆောင်  အလက်ဇီနာဗန်ညီဟာ ထင်ရှားတဲ့ ယူကျူ့ဘလော့ဂါတစ်ဦးကို ၂ နာရီကျော်ကြာတဲ့ အင်တာဗျူးပေးခဲ့ပါတယ်။  ဒါဟာ နာဗန်ညီ ဘာလင်ဆေးရုံက ဆင်းပြီးနောက်ပိုင်း ပထမဆုံးပေးတဲ့ အင်တာဗျူးဖြစ်ပြီး အောက်တိုဘာ ၅ ရက်က ယူကျူ့မှာ တင်ခဲ့တာပါ။ အသက် ၄၄ နှစ်အရွယ် နာဗန်ညီက သူ့ကျန်းမာရေးဟာ အတော်လေးကောင်းလာပြီး နာလန်ထမြန်လာတဲ့အပေါ်မှာ ဆရာဝန်တွေက အံ့အားသင့်ကုန်တယ်လို့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူ့လက်တွေဟာ အတော်လေးတုန်နေပြီး အဲဒီအတွက် ကုထုံးခံယူနေတယ်လို့ ဆိုပါတယ်။ သူဟာ ပြီးခဲ့တဲ့လတုန်းက ဆိုက်ဘေးရီးယားကိုသွားတဲ့ ခရီးစဉ်အတွင်း လေယာဉ်ပေါ်မှာ မေ့လဲကျခဲ့ပြီး သတိမေ့မြောခဲ့ပါတယ်။  ပထမတုန်းက သူ့ကို ဆိုက်ဘေးရီးယား အွမ့်စ်ဆေးရုံမှာ တင်ခဲ့ပေမယ့် နောက်တော့ ဂျာမနီ အဖွဲ့အစည်းတစ်ခုက သူ့ကို လာခေါ်ပြီး ဘာလင်မှာ ဆေးကုပေးခဲ့ပါတယ်။  ဂျာမနီဆရာဝန်တွေက နာဗန်ညီဟာ ရှားပါး ရုရှား အာရုံကြောအဆိပ်တစ်မျိုးဖြစ်တဲ့ နိုဗီချော့ အဆိပ်မိခဲ့တယ်လို့ ပြောဆိုပါတယ်။
7 months Ago
Up