နာဒယ်

February 8, 2018

ကွင်းစ်ကလပ်ချန်ပီယံရှစ် တင်းနစ်ပြိုင်ပွဲ နာဒယ် ဝင်ရောက်ယှဉ်ပြိုင်မည်

ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်ဟာ ဝင်ဘယ်ဒန်ပြိုင်ပွဲအကြို ကျင်းပမယ့်  ကွင်းစ်ကလပ် ချန်ပီယံရှစ် (Queen’s Club Championship) ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာလိုက်ပါတယ်။ စပိန်တင်းနစ်ကစားသမား နာဒယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ယှဉ်ပြိုင်ကစားခဲ့တဲ့ သြစတြေးလျအိုးပင်းမှာ ဒဏ်ရာအခြေအနေကြောင့် မာရင်ဆီလစ်ကို ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်အဆင့်က ထွက်ခွာခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဒဏ်ရာပြန်ကောင်းလာပြီး ၂၀၀၈ ခုနှစ်က ချန်ပီယံဆု ရယူဖူးတဲ့ အခုပြိုင်ပွဲကို ပြန်လည်ကစားရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားမိတယ်လို့ နာဒယ်က ဆိုပါတယ်။ တင်ပါးဒဏ်ရာ ခွဲစိတ်ကုသခဲ့ရလို့ ပြီးခဲ့တဲ့ သြစတြေးလျအိုးပင်းနဲ့ လွဲချော်ခဲ့တဲ့ ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးလည်း ဒီပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ အခုပြိုင်ပွဲမှာ နာဒယ် ပါဝင်လာတာကို ကျေနပ်မိပြီး ဒီပြိုင်ပွဲဟာ သူ့အတွက် မမေ့နိုင်စရာ အမှတ်တရတွေရှိတဲ့ပွဲ ဖြစ်တယ်လို့ ကွင်းစ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ဒါရိုက်တာကလည်း ပြောကြားခဲ့ပါတယ်။
4 years Ago

November 21, 2017

စပိန် တင်းနစ်အကျော်အမော် နာဒယ် ကမ္ဘာ့အဆင့် ၁ နေရာ ပြန်လည်ရရှိ

၂၀၁၇ တင်းနစ်ပြိုင်ပွဲရာသီ ကုန်ဆုံးချိန်မှာ စပိန်တင်းနစ်ကစားသမား ရာဖေးလ် နာဒယ်က ကမ္ဘာ့အဆင့် ၁ နေရာကို ရရှိပြီး ရာသီသိမ်းနိုင်ခဲ့သလို နာမည်ကြီး ဆွစ်ဇာလန် တင်းနစ်ကစားသမား ရော်ဂျာဖက်ဒါရာကတော့ အဆင့် ၂ နေရာ ရရှိခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ၂၀၁၇ နှစ်စပိုင်း ပြိုင်ပွဲတွေ စတင်ချိန်မှာ ဒဏ်ရာပြဿနာတွေကြောင့်  အဆင့် ၉ နဲ့ အဆင့် ၁၆ နေရာတွေမှာပဲ ရှိခဲ့ပေမယ့် ရာသီအကုန်မှာတော့ အခုလို အောင်ပွဲခံနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ရာဖေးလ်နာဒယ်ကတော့ အဆင့် ၁ ရရှိခဲ့ပေမယ့် နိုင်ပွဲတွေ ပိုမိုရရှိခဲ့တဲ့ ရော်ဂျာဖက်ဒါရာကတော့ အပျော်ရွှင်ဆုံးရာသီ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖက်ဒါရာဟာ နာဒယ်ကို ၂၀၁၇ နှစ်အတွင်း ထိပ်တိုက်တွေ့ဆုံမှု ၄ ပွဲစလုံး အနိုင်ရရှိခဲ့ပြီးတော့ ဆုဖလားရရှိမှုလည်း ပိုမိုခဲ့ပါတယ်။ ဖက်ဒါရာဟာ တနှစ်ပတ်လည်လုံး သြစတြေးလျ၊ အင်ဒီယန်း၊ မီယာမီ၊ ဟေးလ်၊ ရှန်ဟိုင်း၊ ဝင်ဘယ်ဒန်၊ ဘေဆယ်မှာ ကျင်းပတဲ့ ဆုဖလား ၇ ဆု ရရှိခဲ့ပြီးတော့ နာဒယ်ကတော့ မွန်တီကာလို၊ ဘာစီလိုနာ၊ မက်ဒရစ်၊ ရိုလန်ဂါးရို့စ်၊ ယူအက်စ်အိုးပင်း၊ ဘေဂျင်း ဆုဖလား ၆ ဆု ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဖက်ဒါရာဟာ နာဒယ်ထက် ပွဲပေါင်း ၂၁ ပွဲ လျှော့ကစားခဲ့ရသူလည်း ဖြစ်ပါတယ်။ ATP ရဲ့ ထုတ်ပြန်ချက်အရ နာဒယ်ဟာ ရမှတ်ပေါင်း ၁၀၆၄၅ မှတ်နဲ့ ကမ္ဘာ့နံပါတ် ၁၊ ဖက်ဒါရာက ၉၆၀၅ နဲ့ အဆင့် ၂၊ နောက်ဆုံး ATP ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒီမီထရော့ဗ်က အဆင့် ၃ ရရှိခဲ့ပါတယ်။ နာမည်ကြီး ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးနဲ့ ဆာဘီးယား တင်းနစ်အကျော်အမော် ဂျူကိုဗစ်တို့ကတော့ အဆင့် ၁ ကနေ ၁၀ အတွင်းမှာ ရပ်တည်နိုင်ခဲ့ခြင်း မရှိပါဘူး။
4 years Ago
More News
Up