နာဇီခေတ်ဝတ်စုံများဖြင့် သီဆိုဖျော်ဖြေသည့်အတွက် ဆယ်ကျော်သက် အမျိုးသမီးဂီတအဖွဲ့ ဝေဖန်ခံရ

November 1, 2016

နာဇီခေတ်ဝတ်စုံများဖြင့် သီဆိုဖျော်ဖြေသည့်အတွက် ဆယ်ကျော်သက် အမျိုးသမီးဂီတအဖွဲ့ ဝေဖန်ခံရ (ရုပ်သံ)

ဂျပန်နိုင်ငံမှ နာမည်ကျော် ဆယ်ကျော်သက် တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Keyakizaka46 အဖွဲ့ဟာ နာဇီခေတ်စစ်တပ်ဝတ်စုံတွေနဲ့ သရုပ်ပြသီဆိုခဲ့ကြတဲ့အတွက် ဝေဖန်ပြစ်တင်ခံနေရပါတယ်။ အသက် ၁၅ နှစ်ကနေ ၂၁ နှစ်ကြား ဆယ်ကျော်သက် မိန်းကလေးတွေချည်း ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့ဟာ ဟောလိုးဝင်းပါတီ အထိမ်းအမှတ်ရှိုးပွဲမှာ ခုလို ၀တ်စားဆင်ယင်မှုတွေနဲ့ သရုပ်ပြတင်ဆက်ခဲ့ကြချိန် ကြည့်ရှုသူပရိသတ်တွေက သဘောမတူကြောင်း ပြသခဲ့ကြပြီး ဒေါသတကြီး ဝေဖန်ပြစ်တင်နေကြတာပါ။ သူတို့ဟာ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေလို မီးခိုးရောင်ဝတ်စုံ ဖားဖားရှည်ရှည်တွေ၊ သိမ်းငှက်ပုံ အထိမ်းအမှတ် ကက်ပ်ဦးထုပ်တွေဆောင်းပြီး သီဆိုခဲ့ကြတာပါ။ ဂျူးလူမျိုးဆန့်ကျင်ရေးနဲ့ အမုန်းစကားဆန့်ကျင်ရေးဆိုင်ရာ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တဖွဲ့ဖြစ်တဲ့ Simon Wiesenthal စင်တာကတော့ “နာဇီစတိုင်ဝတ်စုံတွေနဲ့ စတိတ်စင်ပေါ်မှာ ကခုန်နေတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေကို ကြည့်ရတာ အဲဒီခေတ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့သူတွေအတွက် စိတ်မသက်မသာဖြစ်ရပါတယ်” လို့ အောက်တိုဘာ ၃၁ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြလိုက်တာပါ။ သူတို့စင်တာအနေနဲ့ Keyakizaka46 အဖွဲ့ရဲ့ ပရိုဂျူဆာဖြစ်တဲ့ ဆိုနီဂီတလုပ်ငန်းစုကို ပြန်တောင်းပန်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ခုချိန်ထိတော့ ဘာမှအကြောင်းမပြန်သေးဘူးလို့ ဆိုပါတယ်။ ပရိသတ်အများစုက ခုလိုဝတ်စားဆင်ယင်ပြီး ဖျော်ဖြေခဲ့မှုအတွက် စိတ်ဆိုးဒေါသထွက်နေကြပြီး တွစ်တာအသုံးပြုသူတဦးကတော့ “ခုလို ကြော်ငြာပုံမျိုးက ရှော့ခ်ရစေပါတယ်” လို့ ဝေဖန်ခဲ့တာပါ။ Keyakizaka46 အဖွဲ့မှာ အဖွဲ့ဝင်မိန်းကလေး ၂၂ ဦးပါဝင်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတုန်းက စတင်ဖွဲ့စည်းခဲ့ကာ ဆင်ဂယ်လ်အယ်လ်ဘမ် ၂ ခု ထွက်ရှိထားပါတယ်။
6 years Ago
Up