နာဇီရထား

September 6, 2015

နာဇီရထား တွေ့ရှိထားသူ ၂ ဦးကို ပိုလန်ရုပ်မြင်သံကြား ထုတ်ဖော်ပြီ (ရုပ်သံ)

ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီးက ပိုလန်နိုင်ငံအနောက်တောင်ပိုင်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ နာဇီရထားကို တွေ့ရှိထားတယ်ဆိုသူ ၂ ဦး စက်တင်ဘာ ၅ ရက်နေ့ ပိုလန်ရုပ်မြင်သံကြားမှာ ထွက်ပြခဲ့ပါတယ်။ ဂျာမနီနိုင်ငံသား ရီခ်ျတာ Richter နဲ့ ပိုလန်နိုင်ငံသား ကိုပါ Koper တို့ ၂ ဦးဟာ ရထားရှိတယ်ဆိုတာကို အထောက်အထားခိုင်ခိုင်လုံလုံ သိရှိထားတယ်လို့ ပြောဆိုပေမယ့် နေရာနဲ့ အတိအကျကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းတော့ မရှိပါဘူး။ ပြီးခဲတဲ့တပတ်ကတော့ ပိုလန်ယဉ်ကျေးမှုဒုဝန်ကြီးက ဒီရွှေတန်ချိန် ၃၀၀ နဲ့ အဖိုးတန်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ နာဇီရထားဟာ ပိုလန်နိုင်ငံ အနောက်တောင်ပိုင်းက ဝေါ်ဘရစ်ခ်ျ Walbrzych မြို့အနားမှာ ရှိနေတယ်ဆိုတာ ၉၉ ရာခိုင်နှုန်း ယုံကြည်တယ်လို့ ပြောဆိုခဲ့တာပါ။ ပိုလန်ရုပ်သံဌာန TVP ကို သူတို့ ၂ ဦးပြောဆိုခဲ့တာမှာတော့ ဒီရထားရှိတဲ့နေရာ အတိအကျကို ပိုလန်အာဏာပိုင်တွေကို တရားဝင်အသိပေးပြောဆိုထားတယ်လို့ စက်တင်ဘာ ၄ ရက်နေ့က ပြောဆိုခဲ့တာပါ။ သူ့တို့ကိုယ်ပိုင် ကိရိယာပစ္စည်းတွေနဲ့ ကိုယ်တိုင်သုတေသနလုပ်ထားပြီး၊ တခြားမျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေအရ သူတို့ အခုလို သိရှိထားတယ်လို့ ပြောဆိုခဲ့တာပါ။ ပိုလန်အာဏာပိုင်တွေကို လျှို့ဝှက်ပြောဆိုခဲ့တာဖြစ်ပြီး အာဏာပိုင်တွေကတဆင့် ပေါက်ကြားပြီး အခုလိုလူသိရှင်ကြားဖြစ်လာတာကတော့ သူတို့မှာ တာဝန်မရှိဘူးလို့ ဆိုပါတယ်။ ပိုလန်အစိုးရကတော့ ဒီရထားကို ၁၉၆၀ နှစ်တွေမှာ တခါ၊ ၁၉၈၀ နဲ့ ၉၀ နှစ်တွေမှာ တခါ ရှာဖွေခဲ့ပါသေးတယ်။ မြို့ခံတဦးကတော့ အခုလို ရထားတွေ့ထားတယ်ဆိုတဲ့ သတင်းတွေဟာ အရင်ကလည်း ထွက်ပေါ်ခဲ့ပေမယ့် တခါမှ လက်တွေ့မြင်တွေ့ရတာမဟုတ်တဲ့အတွက် လက်တွေ့တွေ့ရှိတော့မှပဲ ယုံကြည့်တော့မယ်လို့ ပြောဆိုပါတယ်။
6 years Ago

August 30, 2015

ပျောက်ဆုံး နာဇီစစ်ရထား တွေ့ရှိမှု ၉၉ ရာခိုင်နှုန်း ဖြစ်နိုင်ဟုဆို (ရုပ်သံ)

ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီး ရွှေငွေရတနာတွေနဲ့ ပျောက်ဆုံးသွားတဲ့ နာဇီစစ်ရထားဟာ မြေပြင်ဖောက်ရေဒါ ပုံရိပ်တွေအရ ၉၉ ရာခိုင်နှုန်း ဖြစ်နိုင်တယ်လို့ ပိုလန်အဆင့်မြင့်အာဏာပိုင်တဦးက ပြောဆိုပါတယ်။ အခုလိုပြောဆိုပေမယ့် ရထားတည်ရှိတဲ့ နေရာအတိအကျကိုတော့ မပြောဆိုပေမယ့် အဲ့ဒီစစ်ရထားမှာ နာဇီတွေ ခိုးယူသွားတဲ့ အနုပညာတွေ၊ လျို့ဝှက်အချက်အလက်တွေပါရရှိမယ်လို့  ယုံကြည်ကြောင်း ပိုလန်ယဉ်ကျေးမှု ဒုတိယ၀န်ကြီးက သတင်းထောက်တွေကိုပြောဆိုပါတယ်။ စကင်ဓာတ်ပုံတွေအရ ရထားမှာ စက်သေနတ်ဆုံတပ်ဆင်ထားပြီး ဒီရထားဟာ ထောင်ချောက်တခုလည်းဖြစ်နိုင်တဲ့အတွက် ဒီရတနာသိုက်ကို ရှာဖွေနေတဲ့လူတွေကို သတိပေးခဲ့ပါတယ်။ ဒီနာဇီရထားကို ၀ှက်ခဲ့ချိန်မှာ ပါဝင်ခဲ့သူတဦးက သေဆုံးခါနီးမှာ ဒီရထားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြောဆိုခဲ့တာလို့လည်း ဒုဝန်ကြီးကပြောဆိုပါတယ်။ အခုလဆန်းပိုင်းက ဂျာမနီနိုင်ငံသားတဦးနဲ့ ပိုလန်နိုင်ငံသားတဦးက ဒီရထားရှိတဲ့နေရာကို သိတယ်လို့ ပိုလန်အာဏာပိုင်တွေကိုပြောဆိုခဲ့ပြီး တွေ့ရှိသမျှ ပစ္စည်းတွေအားလုံးရဲ့ ၁၀ ရာခိုင်နှုန်း ပေးဖို့ တောင်းဆိုထားတာပါ။ ဒီနာဇီစစ်ရထားနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ အထောက်အထားနဲ့ ခိုင်ခိုင်မာမာပေါ်ပေါက်ခဲ့ဖူးတာ မရှိပေမယ့် ၁၉၄၃-၄၅ အတွင်း နာဇီတွေရဲ့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းတွေဟာ ရထားပျောက်ကွယ်သွားတဲ့နေရာနားမှာ အရှည် ၅ မိုင်ရှိတဲ့ မြေအောက်လိုဏ်ခေါင်းကို တူးဖော်ခဲ့ကြရတာပါ။ နာဇီတွေ စစ်ရှုံးခါနီး ရုရှားတပ်တွေ ၀ိုင်းပိတ်မိတဲ့အခါ ရွှေတန်ချိန် အများအပြား တင်ဆောင်လာတဲ့ စစ်ရထားဟာ လက်ရှိပိုလန်နိုင်ငံ မြို့နားမှာ ပျောက်ဆုံးသွားတယ်လို့ ယုံကြည်ခဲ့ကြတာပါ။
6 years Ago
Up