နာဆာရာဝါယူနိုက်တက်

A d v e r t i s e m e n t With Us

March 9, 2020

ကွင်းအတွင်း လဲကျခဲ့သည့် နိုင်ဂျီးရီးယား ဘောလုံးသမား ၁ ဦး ဆေးရုံတွင် သေဆုံး

မတ် ၈ ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ဂျီးရီးယား ပရော်ဖက်ရှင်နယ်လိဂ်ပွဲစဉ်မှာ နာဆာရာဝါယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ချီမီမာတင်ဟာ ကွင်းအတွင်း လဲကျသွားပြီးနောက် ဆေးရုံအရောက်မှာ သေဆုံးသွားပါတယ်။ မာတင်ဟာ ပြိုင်ဘက်ကစားသမားတဦးနဲ့ ဝင်တိုက်မိခဲ့ရာကနေ လဲကျသွားခဲ့တာဖြစ်ပြီး သူ့ကို ကွင်းထဲက လူနာတင်ယာဉ်ပေါ်ကို အရေးပေါ် ရွှေ့ပြောင်းလိုက်ရပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လူနာတင်ယာဉ်ဟာ စက်နှိုးဖို့ ခက်ခဲခဲ့တာကြောင့် ကစားသမားကို ဆေးကုသမှု ပြုလုပ်ပေးဖို့အတွက် အချိန်ကြန့်ကြာခဲ့ရပါတယ်။ သူ့ကိုသတင်းအဖွဲ့ယာဉ်တစင်းနဲ့ ဆေးရုံကို တင်ပို့ပေးခဲ့ရပြီး ကျန်းမာရေးဝန်ထမ်းတွေက သူ့ကို ကုသခဲ့ပေမယ့် ကစားသမားဟာ ဆေးရုံရောက်ပြီး မကြာခင်မှာတင် သေဆုံးသွားရပါတယ်။  မာတင်ကို ဆေးရုံပို့ခဲ့ပြီးနောက် ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ကာ မာတင်ရဲ့ နာဆာရာဝါယူနိုက်တက်က သုံးဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့် အသင်းဖော် သေဆုံးမှု သတင်းကြောင့် နာဆာရာဝါ ကစားသမားတွေဟာ ယူကျုံးမရ ဖြစ်ခဲ့ရပါတယ်။  မာတင် သေဆုံးမှုဖြစ်စဉ်ကို စစ်ဆေးရေးမှာ ကိုယ်တိုင် ပါဝင်ဆောင်ရွက်သွားမယ်လို့ လိဂ်ဥက္ကဋ္ဌက ပြောပါတယ်။ မာတင်ဟာ ဘောလုံးကစားနေစဉ် လဲကျပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ကစားသမားတွေထဲက တဦးဖြစ်ပြီး သူ့မတိုင်ခင် ကင်မရွမ်းကွင်းလယ်လူ မက်ဗီဗီယန်ဖိုး၊ ဆီဗီလာ ကစားသမား အန်တိုနီယိုပူအာတာ၊ စကော့တလန် လက်ရွေးစင် ဖီးလ်အိုဒေါ်နယ်တို့ဟာလည်း အလားတူ ဖြစ်ရပ်တွေကြောင့် သေဆုံးခဲ့ရပါတယ်။  ဒီလိုသေဆုံးမှုမျိုးကို ရှောင်ရှားနိုင်ဖို့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အပါအဝင် တခြား ဘောလုံးအဖွဲ့ချုပ်တွေက စစ်ဆေးလေ့ရှိပေမယ့် ရုပ်ပိုင်းဆိုင်ရာအရ သန်မာမှုရှိတဲ့ ဘောလုံးသမားတွေမှာ ဒီလိုဖြစ်မယ့် ရောဂါလက္ခဏာတွေကို ကြိုတင်ရှာတွေ့နိုင်ဖို့ တော်တော်လေးခက်ခဲပါတယ်။  ဒီလို စစ်ဆေးမှုမျိုးကို ဆရာဝန်တချို့က မထိရောက်တဲ့ အချိန်ဖြုန်းမှုတမျိုးလို့ သတ်မှတ်ကြပေမယ့် တချို့ကတော့ ကြိုတင်သတိပြုနိုင်ဖို့ ခက်ခဲသည့်တိုင် မဖြစ်မနေ ဆောင်ရွက်ရမယ့် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းတမျိုးလို့ ယူဆထားကြပါတယ်။
12 months Ago
Up