နာဆာတွင် အလုပ်လုပ်နေသည့် ၁၇ နှစ်သား ပါရမီရှင်

A d v e r t i s e m e n t With Us

November 5, 2015

နာဆာတွင် အလုပ်လုပ်နေသည့် ၁၇ နှစ်သား ပါရမီရှင်

ဆယ်ကျော်သက် လူငယ်အများစုဟာ သူတို့ရဲ့ အနာဂတ်အလုပ်အကိုင်အတွက် ရွေးချယ်တဲ့နေရာမှာ တွေဝေရှုပ်ထွေးတတ်ကြပေမယ့် အသက် ၁၇ နှစ်အရွယ် မိုရှီကိုင် ကယ်ဗလင်းကတော့ လေကြောင်းနဲ့ အာကာသဆိုင်ရာ အေဂျင်စီအဖွဲ့ (နာဆာ) မှာ အလုပ်သင်အဖြစ် စတင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် ဇာတိဖြစ်ပြီး လေယာဉ်ပျံနဲ့ ဒရုန်းယာဉ်တွေကို အနီးကပ် စောင့်ကြည့်ထောက်လှမ်းတဲ့နေရာမှာ ကူညီဖို့ နာဆာမှာ အလုပ်လုပ်နေခဲ့ပါပြီ။ နာဆာအဖွဲ့မှာ သူ့ကို အနီးကပ် ကြီးကြပ်သူတဦးဖြစ်တဲ့ ရီကာဒိုအာတီရေဂါက “သူဟာ သိမ်မွေ့ပြီး အလုပ်ကို တည်တည်ငြိမ်ငြိမ်လုပ်တဲ့သူ တယောက်ပါ” လို့ ပြောပါတယ်။ ကယ်ဗလင်းရဲ့ နေ့စဉ်လုပ်ဆောင်ရတဲ့ တာဝန်တွေထဲမှာ တိုက်လေယာဉ်နဲ့ ဒရုန်းယာဉ် ပုံစံတူထုတ်လုပ်တာတွေ၊ သူ့ရဲ့ သင်္ချာနဲ့ ကွန်ပျူတာဆိုင်ရာ စွမ်းရည်တွေကို အသုံးချပြီး ဘေးကင်းစေမယ့်လမ်းကြောင်း ရှာဖွေနိုင်ဖို့ တွက်ချက်ရတာတွေ ပါဝင်တယ်လို့ အေပီ သတင်းဌာနက ပြောပါတယ်။ ကယ်ဗလင်းဟာ နာဆာမှာ အလုပ်စတင်မလုပ်ခင် သူ့အသက် ၁၅ နှစ်အရွယ်တည်းက လော့စ်အိန်ဂျလိစ်မြို့၊ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ အသုံးချသင်္ချာဘာသာ အထူးပြုဘွဲ့ကို ရရှိခဲ့ပြီး စာအုပ် ၂ အုပ်လည်း ရေးသားထုတ်ဝေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ထုတ်ဝေတဲ့စာအုပ် “ကျနော်တို့လုပ်နိုင်ပါတယ်” ထဲမှာ “ကျနော်က ကြယ်တွေဆီ ရောက်အောင်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တခြားသူတွေကလည်း မစ်ကီဝေး ကြယ်စင်စုဆီ ရောက်နိုင်ပါတယ်” လို့ သူက ရေးခဲ့ပါတယ်။ ထိုင်ဝမ်နိုင်ငံသူ မိခင်နဲ့ ဘရာဇီးနိုင်ငံသား ဖခင်တို့က မွေးခဲ့တဲ့ ကယ်ဗလင်းဟာ ငယ်ရွယ်ကြိုးစားတက်ကြွသူဖြစ်ပြီး ခုချိန်မှာတော့ မက်ဆာချူးဆက်ပြည်နယ်၊ ဘရန်ဒီးစ်တက္ကသိုလ်မှ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အထူးပြုဘာသာရပ်နဲ့ မဟာဘွဲ့သင်တန်းကို အွန်လိုင်းမှတဆင့် လေ့လာသင်ယူနေတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ကယ်ဗလင်းရဲ့ အရည်အချင်းနဲ့ လုပ်ဆောင်မှုတွေဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားပြီးတဲ့ နောက်မှာတော့ တရုတ်နိုင်ငံ လူမှုကွန်ရက်စာမျက်နှာ ဝေဘိုအသုံးပြုသူတွေဟာ ချီးကျူးအားကျမှုတွေနဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  
5 years Ago
Up