မလေးရှားနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ UMNO ပါတီအနိုင်ရခဲ့ပါက ထောင်ဒဏ်ကျခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကနေ ပြန်လွတ်လာမှာဖြစ်ကြောင်း ဝါရင့်နိုင်ငံရေးသမား အတိုက်အခံခေါင်းဆောင် မဟာသီယာမိုဟာမက်က အောက်တိုဘာ ၁၁ ရက်မှာ ခန့်မှန်း ပြောပါတယ်။
လက်ရှိ အာဏာရ UMNO ပါတီဟာ အကျင့်ပျက်ခြစားမှုတွေနဲ့ နာမည်ပျက်နေသလို ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကလည်း နိုင်ငံပိုင်ရန်ပုံငွေ ဒေါ်လာဘီလီယံချီ အလွဲသုံးစားလုပ်ထားတဲ့ 1MDB အမှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတာပါ။
ဒါ့အပြင် 1MDB နဲ့ မသက်ဆိုင်ဘဲ ညီညွတ်သော မလေးအမျိုးသားအဖွဲ့ (UMNO) ရဲ့ ဥက္ကဋ္ဌ အာမဒ် ဇာဟစ်ဒ်ဟာမိဒိ ရင်ဆိုင်နေရတဲ့ အကျင့်ပျက်ခြစားမှုစွဲချက် ၄၇ ခုကိုလည်း ရုပ်သိမ်းပေးလိမ့်မှာဖြစ်ပြီး နာဂျစ်အပေါ် အခုစွဲဆိုထားတဲ့ 1MDB နဲ့ တခြားစွဲချက်တွေကိုလည်း ပယ်ချသွားလိမ့်မယ်လို့ မဟာသီယာက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဘ်ဟာ အောက်တိုဘာ ၁၀ ရက်က ပါလီမန်ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲကို ခပ်စောစောကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။
နာဂျစ်ကို သစ္စာခံထားတဲ့ လက်ရှိ အာဏာရ UMNO ပါတီက အစုအဖွဲ့တွေနဲ့ အဂတိလိုက်စားမှုနဲ့ တရားစွဲခံထားရတဲ့ တခြားသူတွေရဲ့ ဖိအားပေးမှုတွေကို လွတ်အောင်ရှောင်ဖို့ လုပ်ဆောင်တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အသက် ၉၇ နှစ်အရွယ် မဟာသီယာဟာ ရွေးကောက်ပွဲမှာ လန်ကာဝီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် သူ့ရဲ့ ပါလီမန်အမတ်နေရာကို ခုခံကာကွယ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒါဟာ အနာဂတ်ဝန်ကြီးချုပ်အဖြစ် မဟုတ်ဘဲ ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်အတွက် နေရာလို့ ပြောပါတယ်။
အာဏာရ UMNO ပါတီဟာ အစ္စမေးလ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ညွန့်ပေါင်းမိတ်ဘက်တွေ မပါဘဲ သူတို့လူတွေနဲ့ချည်း အစိုးရဖွဲ့ဖို့ ရွေးကောက်ပွဲမှာ လုံလောက်တဲ့ လုပ်ပိုင်ခွင့် ကြီးကြီးမားမားရဖို့ မျှော်လင့်ထားတဲ့အတွက် UMNO ကို အနိုင်ယူဖို့ ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်လိုကြောင်း မဟာသီယာက ပြောကြားခဲ့ပါတယ်။