နာဂျစ်

April 1, 2019

မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ် အဂတိလိုက်စားမှုအတွက် တရားရုံးစစ်ဆေးမှု ပြန်စမည်

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ အဂတိလိုက်စားမှုအတွက် တရားရုံးစစ်ဆေးမှုတွေကို ဧပြီ ၃ ရက်မှာ ပြန်စမှာ ဖြစ်ပါတယ်။ မလေးရှား ဖွံ့ဖြိုးရေးရန်ပုံငွေ 1MDB ကနေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ခိုးယူမှုကို ပြန်စုံစမ်း စစ်ဆေးမယ်လို့ မဟာသီယာရဲ့ မလေးရှားအစိုးရက ကတိပြုထားတာပါ။ မနှစ်က မေလမှာ ရွေးကောက်ပွဲနိုင်ခဲ့တဲ့ အစိုးရက အမြန်တရားစီရင်မယ်လို့ ကတိပြုထားပေမယ့် ၂ လကြာ တရားစီရင်ရေး နှောင့်နှေးနေခဲ့ပါတယ်။ တရားရုံးမှာ မစစ်ဆေးခင် အကြိုကြားနာပွဲတွေအတွက် အယူခံဝင်နေခဲ့လို့ နာဂျစ်ကို တရားရုံးတွင်း စစ်မေးရေးဟာ ဖေဖော်ဝါရီ  ၁၂ ရက်မှာ စရမယ့်အစား ကြန့်ကြာနေခဲ့တာပါ။ 1MDB အုပ်စုအောက်က SRC International ကနေ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ သန်းကို သူ့ကိုယ်ပိုင်ဘဏ်အကောင့်ထဲ သံသယဖြစ်ဖွယ် လွှဲယူမှုအတွက် အာဏာအလွဲသုံးစားမှု၊ ငွေကြေးခဝါချမှု၊ ယုံကြည်မှုကို ရာဇဝတ်သင့်တဲ့အထိ ချိုးဖောက်မှု အပါအဝင် စွဲချက် ၇ ချက်နဲ့ နာဂျစ် ရင်ဆိုင်နေရတာပါ။ သူကတော့ အပြစ်မရှိဘူးလို့ ငြင်းပေမယ့် 1MDB နဲ့ ပတ်သက်မှု အများစုဖြစ်တဲ့ ရာဇဝတ်မှု စွဲချက်ပေါင်း ၄၂ ခုကို နာဂျစ်က ရင်ဆိုင်နေရပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ရင်ဆိုင်ရမှာပါ။ ၂၀၀၉ ခုနှစ်က နာဂျစ် တည်ထောင်တဲ့ 1MDB နဲ့ ပတ်သက်တဲ့ ငွေကြေးခဝါချမှုနဲ့ လာဘ်စားမှုတွေကို စင်ကာပူ၊ ဆွစ်ဇာလန်နဲ့ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံထက် မနည်းက စုံစမ်းစစ်ဆေးနေပါတယ်။ ရန်ပုံငွေထဲက ခိုးထားတဲ့ငွေတွေနဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်၊ ဇိမ်ခံအိမ်တွေ၊ ပီကာဆိုနဲ့ မိုနေးတို့ရဲ့ အနုပညာလက်ရာတွေနဲ့ နာဂျစ်ရဲ့ဇနီးအတွက် လက်ဝတ်လက်စားတွေ ဝယ်ခဲ့ကြတယ်လို့ အမေရိကန် တရားသူကြီးတွေက ပြောထားပါတယ်။
3 years Ago

September 20, 2018

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် အမှုရင်ဆိုင်ရန် တရားရုံးသို့ ရောက်ရှိ

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ဟာ သူ့အပေါ်စွဲဆိုထားတဲ့ လာဘ်စားမှုတွေကို ရင်ဆိုင်ဖို့အတွက် စက်တင်ဘာ ၂ဝ ရက်နေ့က ကွာလာလမ်ပူတရားရုံးကို ရောက်ရှိလာပါတယ်။ သူ့ကို အစိုးရပိုင် မလေးရှားဖွံ့ဖြိုးရေးရန်ပုံငွေ-1MDB ကနေ အမေရိကန်ဒေါ်လာ သန်း ၇ဝဝ နီးပါး လာဘ်စားမှု အပါအဝင် ငွေမည်းလျှော်ဖွပ်မှုပေါင်း ၂၁ ခုနဲ့ စွဲချက်တင်ထားတာပါ။ အဲဒီစွဲချက်တွေထဲမှာ တရားမဝင် လာဘ်ငွေယူမှု ၉ ခု၊ နိုင်ငံပိုင်ငွေကို အလွဲသုံးစားလုပ်မှု ၅ ခုနဲ့ နိုင်ငံပိုင်ငွေကို နာမည်အမျိုးမျိုးတပ်ပြီး မိမိကိုယ်ပိုင်အကောင့်ထဲ တရားမဝင် လွှဲပြောင်းမှုပေါင်း ၇ ခု ပါဝင်တယ်လို့ မလေးရှားရဲဌာန ဒုတိယစုံစမ်းရေးမှူးချုပ်က ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဟာ မလေးရှားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် 1MDB လုပ်ငန်းကို ၂ဝဝ၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီးနောက် မလေးရှားရင်းဂစ် သန်းထောင်နဲ့ချီပြီး လာဘ်စားခဲ့တယ်လို့ နိုင်ငံရေးပြိုင်ဘက်တွေရဲ့ ဝေဖန်ခံခဲ့ရပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ မေလရွေးကောက်ပွဲမှာ သူ့ရဲ့ပြိုင်ဘက် ဝန်ကြီးချုပ် မဟာသီယာကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနောက် မကြာမီ လာဘ်စားမှု၊ နိုင်ငံပိုင်ငွေ အလွဲသုံးစားလုပ်မှု စတဲ့ပြစ်မှုပေါင်း ၂၁ ခုနဲ့ ရုံးတင်စစ်ဆေးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
More News
Up