ကော့ကေးဆပ်တောင်ပိုင်းဒေသ နာဂေါ်နိုခါရာဘတ်ဒေသက ရှုရှိမြို့မှာ လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲလို့ ပျက်စီးနေတဲ့ အဆောက်အအုံတွေရဲ့ ရုပ်သံကို အာမေးနီးယား ပြန်လည်ပေါင်းစည်းရေး သတင်းအချက်အလက်ဌာနက နိုဝင်ဘာ ၄ ရက်မှာ ဖြန့်ချိ လိုက်ပါတယ်။
အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား နယ်စပ်တလျှောက်ကနေရာ အတော်များများမှာ နိုဝင်ဘာ ၃ ရက်က တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့အပြီး ခုလို ဖြန့်ချိတာပါ။
“ဒေသတွင်းက အကြီးဆုံး ၂ မြို့ဖြစ်တဲ့ စတေပါနာကာ့တ်နဲ့ ရှူရှီမြို့ တွေကို လက်နက်ကြီးနဲ့ အပစ်ခံရတယ်၊ သားဖွားဆေးရုံ တစ်ရုံ တိုက်ခိုက်ခံရလို့ အရပ်သား တယောက် ဒဏ်ရာရတယ်” လို့ အာမေးနီးယား တိုင်းရင်းသားတွေ ထိန်းချုပ်ထားတဲ့ နာဂေါ်နိုခါရာဘတ် အရေးပေါ်နဲ့ ကယ်ဆယ်ရေးဌာနက ပြောပါတယ်။
အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား နယ်စပ်ပေါ်က အဇာဘိုင်ဂျန် တပ်စခန်းတွေကို မော်တာတွေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရတဲ့အပြင် နာဂေါ်နိုခါရာဘတ်ဒေသနဲ့ အီရန်ကြားက ဖိဇူလိမြို့ကို လည်း လက်နက်ကြီးနဲ့ အပစ်ခံရတယ်လို့ အဇာဘိုင်ဂျန် အစိုးရက ပြောပါတယ်။
အဇာဘိုင်ဂျန်ရဲ့ ပြောဆိုချက်ကို အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ငြင်းပါတယ်။
စက်တင်ဘာ ၂၇ က စတဲ့ ပဋိပက္ခအတွင်း အာမေးနီးယား စစ်သည် ၁၁၇၇ ယောက် သေဆုံးပြီးပြီလို့ အာမေးနီးယား တိုင်းရင်းသားတွေက ထိန်းချုပ်ထားတဲ့ နာဂေါ်နို ခါရာဘတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
အဇာဘိုင်ဂျန်ကတော့ သူ့ စစ်တပ် အသေအပျောက် စာရင်းကို မထုတ်ပြန်ပါဘူး။ ရုရှားအစိုးရကတော့ နှစ်ဘက် စလုံးမှာ ခန့်မှန်းခြေ လူ ၅,၀၀၀ သေဆုံးတယ်လို့ ပြောထားပါတယ်။
2 years Ago