နာဂေါ်နိုခါရာဘတ်

October 29, 2020

နာဂေါ်နိုခါရာဘတ်ဒေသ ပစ်ခတ်မှု အာမေးနီးယားနှင့်အဇာဘိုင်ဂျန် အပြန်အလှန်စွပ်စွဲ

အဇာဘိုင်ဂျန်နိုင်ငံတွင်းက အာမေးနီးယား တိုင်းရင်းသားပြည်နယ် နာဂေါ်နို ခါရာဘတ်ခ် ဒေသတွင်းနဲ့ ပတ်ဝန်းကျင်က မြို့တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးမှုအတွက် အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား  ၂ နိုင်ငံတို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။ တလကျော်ကြာ လက်နက်ကိုင် ပဋိပက္ခဟာ တတိယမြောက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တာပါ။ အာမေးနီးယားက နာဂေါ်နို ခါရာဘတ်ဒေသ အရှေ့မြောက်ပိုင်းက ဘာဒါမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လူ ၂၁ ယောက် သေဆုံးတယ်လို့ အဇာဘိုင်ဂျန် အစိုးရက ပြောပါတယ်။  ဒေသတွင်းက အာမေးနီးယားအစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ အရာရှိတွေကတော့ အဇာဘိုင်ဂျန်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ အကြီးဆုံး မြို့ ၂ မြို့အပေါ် ကျရောက် ပေါက်ကွဲလို့ လူ ၁ ယောက် သေဆုံးတယ်လို့ ပြောပါတယ်။ အောက်တိုဘာ ၂၇ ရက်က အဇာဘိုင်ဂျန် ရွာတရွာထဲ အမြောက်ဆန်တွေ ကျခဲ့လို့ လူ ၄ ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရတယ်လို့ အဇာဘိုင်ဂျန် အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီနောက် ၂ ဖက်စလုံးက အပြန်အလှန် စွပ်စွဲငြင်းဆိုနေကြပါတယ်။ ကော့ကေးဆပ်တောင်ပိုင်းဒေသတွင်း နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးဆုံးတိုက်ပွဲတွေမှာ အာမေးနီးယားဘက်က ရုရှားနဲ့ အဇာဘိုင်ဂျန်ဘက်က တူရကီပါ ပါဝင်လာပြီး ပိုကျယ်ပြန့်တဲ့ စစ်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်မှု တိုးနေပါတယ်။ အဇာဘိုင်ဂျန်က ရေနံနဲ့ ဓာတ်ငွေ့တွေကို ကမ္ဘာ့ဈေးကွက်ဆီ ပို့နေတဲ့ ပိုက်လိုင်းတွေ အတွက်လည်း ဒီတိုက်ပွဲက ခြိမ်းခြောက်မှု ဖြစ်နေတာပါ။ ဒီဒေသထဲမှာ ၁၉၉၁-၁၉၉၄ စစ်ပွဲအတွင်း လူ ၃ သောင်းကျော် သေဆုံးခဲ့ဖူးပါတယ်။ အာမေးနီးယား တိုင်းရင်းသားတွေ နေထိုင်ထိန်းချုပ်ထားတဲ့ နာဂေါ်နို ခါရာဘတ်ဒေသကို အာမေးနီးယားတွေက ဆက်ထိန်းချုပ်ဖို့ အဆိုပြုချက်ကို အဇာဘိုင်ဂျန်က ပယ်ချထားပါတယ်။  ဒီဒေသကို အဇာဘိုင်ဂျန်က တရားမဝင် သိမ်းပိုက်ထားတယ်လို့လည်း သူတို့က မှတ်ယူထားပြီး နိုင်ငံတကာကတော့ အဇာဘိုင်ဂျန်အပိုင်အဖြစ် အသိအမှတ်ပြုထားပါတယ်။  အာမေးနီးယားကလည်း ဒီဒေသဟာ သူတို့ရဲ့ သမိုင်းဝင် အမိမြေဖြစ်ပြီး ဒေသခံတွေဟာ အာမေးနီးယား အစိုးရရဲ့ အကာအကွယ်ကို လိုအပ်တယ်လို့ ပြောနေကြပါတယ်။
2 years Ago
Up