နာဂဒေသ

A d v e r t i s e m e n t With Us

April 29, 2019

နာဂဒေသ ထန်ပါခွေမြို့တွင် သောက်သုံးရေ အခက်အခဲကြုံတွေ့

  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့မှာ အခုနှစ် နွေရာသီကာလအတွင်း သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရပါတယ်။ လက်ရှိမှာ စည်ပင်ဘက်ဂျက် သန်း ၅၀ နဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း လုပ်ဆောင်နေပေမယ့် ရေပေးဝေနိုင်ခြင်း မရှိသေးပါဘူး။ သောက်သုံးရေ အခက်အခဲကို မြို့မရပ်ကွက်အပိုင်းမှာ အဓိက ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။ "ကျနော်တို့ ရောက်တာ ၂ ရက်လောက်ရှိပြီ။ ရေမချိုးရသေးဘူး၊ ရေချိုးဖို့မပြောနဲ့ သောက်ရေ၊ ထမင်းဟင်းချက်ဖို့ရေတောင် လုံလုံလောက်လောက်မရှိဘူး။ အနီးဆုံးချောင်းကလည်း ၃ မိုင်လောက်ဝေးတယ်။ ရေတွင်းတူးလို့လည်း မရဘူး။ စိမ့်စမ်းရေကိုပဲ အဓိက သုံးစွဲရတယ်" လို့ ထန်ပါခွေမြို့ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းတဲ့ ရိက္ခာ အကူအညီပေးဖို့ ရောက်ရှိနေတဲ့ ကိုအောင်ဆန်းမြင့်က ပြောပါတယ်။ ထန်ပါခွေမြို့က အိမ်ခြေ ၁၀၀ ကျော်သာရှိတဲ့ မြို့လေးတမြို့သာဖြစ်ပါတယ်။ ၂၀၁၀ နောက်ပိုင်းမှ မြို့အဖြစ် သတ်မှတ်ခဲ့တာပါ။ ရေပေးဝေတာက စနစ်မကျလို့ လျှံတဲ့နေရာလျှံ မလောက်တဲ့နေရာ မလောက်ဖြစ်နေရတာလို့ဘည်း လဟယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ "ရေပြတ်တာက ရွာမအပိုင်းပေါ့။ အိမိခြေ ၅၀ လောက် ရေမလုံလောက်တာပေါ့။ အခုတော့ မြို့ပေါ့။ အဲဒီမှာပြတ်တာ။ တမြို့လုံးတော့ မဟုတ်ဘူး။ အဓိကက ရေပေးဝေတာမှာ စနစ်မကျလို့။ စနစ်တကျပေးရင် အဆင်ပြေတယ်။ ရန်ပုံငွေကလည်း ကျနော်တို့တင်ထားတာ သန်း ၈၀ တင်ထားတယ်။ အခုကျတာက သန်း ၅၀ ဆိုတော့ မလုံလောက်သေးဘူးပေါ့။ ဌာနကို လှမ်းမေးတော့လည်း လုပ်နေတယ်ပဲပြောတာ။ အလှည့်ကျပေးရင် အဲလို မဖြစ်ပါဘူး" လို့ လဟယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကယ်က ပြောပါတယ်။ ထန်ပါခွေမြို့မှာ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရတာနဲ့ပတ်သက်ပြီး တိုင်းလွှတ်တော်ကို ရောက်ရှိနေတဲ့ နာဂဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းကို မေးမြန်းရာမှာတော့ အသေးစိတ် မသိရသေးတဲ့အတွက် မေးပြီးရင် ပြန်ပြောမယ်လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ သောက်သုံးရေ မလုံလောက်တာပဲရှိနေသေးပြီး ရေကြောင့် နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျှောနဲ့ ကိုယ်ရေပြားရောဂါဖြစ်ပွားတာတော့ မရှိသေးဘူးလို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - အောင်ကိုလတ်
2 years Ago

November 9, 2018

နာဂဒေသတွင် တောဝက်ပက်ခံရသဖြင့် ရွာသား ၂ ဦး ပြင်းထန်စွာဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့နယ်ခွဲ၊ ချန်ကောက်ဆန်ရီကျေးရွာမှာ ရွာသား ၂ ဦး တောဝက်ပက်ခံခဲ့ရလို့ ဒဏ်ရာအပြင်းအထန်ရရှိ ခဲ့ပါတယ်။ နိုဝင်ဘာ ၇ ရက်က တောင်ယာစိုက်ခင်းအတွင်း တောဝက်ဝင်လို့ လိုက်လံပစ်ခတ်ရာကနေ တောဝက်က ပြန်တိုက်ခိုက်လို့ ဒေသခံ သင်းထောက် ဆရာအပါအဝင် ရွာသား ၂ ဦး ခန္ဓာကိုယ်မှာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး နန်းယွန်းမြို့နယ် ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပါတယ်။ တောဝက်ကိုက်တာ၊ အစွယ်နဲ့ပက်တာကြောင့် ဒေသခံ ဦးနာသော့ဟာ ညာဘက်လက်မောင်း အရိုးကြေဒဏ်ရာ၊ ဦးကျောက်ဝမ်းမှာ ရင်ဘတ်၊ နံဘေး၊ ဦးခေါင်းဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ "စိုက်ခင်းမှာစိုက်ထားတဲ့ သီးနှံတွေ လာစားဖျက်ဆီးတာကို လိုက်ပစ်ကြတာ။ အဲဒါကနေ ပြန်ပက်ခံရတာ။ တယောက်ကတော့ လက်ကို အကိုက်ခံရတယ်။ တော်တော်ဆိုးတယ်။ တယောက်ကတော့ ရင်ဘတ်နဲ့ ခေါင်းမှာ အကိုက်ခံရတယ်။ ကျန်တဲ့နေရာလည်း ပွန်းပဲ့တာတွေရှိတယ်။” နာဂဒေသထဲမှာ တောဝက်တွေ မကြာခဏဆိုသလို စိုက်ခင်းတွေထဲကို  လာရောက်ဖျက်ဆီး၊ စားသောက်လေ့ရှိတာ ဖြစ်ပါတယ်။ အောင်ကိုလတ်
2 years Ago
More News
Up