နာဂါဆာကီမြို့

August 10, 2018

နာဂါဆာကီမြို့ အနုမြူဗုံးကြဲခံရမှု ၇၃ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ

ဂျပန်နိုင်ငံ နာဂါဆာကီမြို့ဟာ အမေရိကန်ရဲ့ အနုမြူဗုံးကြဲခံရမှု ၇၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို သြဂုတ် ၁ဝ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို လက်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်လည်း ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။ အခမ်းအနား တက်ရောက်လာသူတွေဟာ အမေရိကန် B-29 ဗုံးကြဲလေယာဉ်ကနေ အနုမြူဗုံးကြဲချတဲ့ မနက် ၁၁ နာရီ ၂ မိနစ်တိတိမှာ ခေတ္တငြိမ်သက်ပြီး အလေးပြုခဲ့ကြပါတယ်။ အထွေထွေအတွင်းရေးမှူးချုပ်ကတော့ နျူကလီးယားလက်နက် ကင်းစင်ရေး လုပ်ဆောင်ဖို့နဲ့ ထင်သာမြင်သာတဲ့ တိုးတက်မှုရှိရေး လုပ်ဖို့ နိုင်ငံအားလုံးကို သူ့မိန့်ခွန်းမှာ တိုက်တွန်းသွားပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ မကြာသေးခင် နှစ်တွေအတွင်း နိုင်ငံတွေဟာ မတူညီတဲ့ ချဉ်းကပ်မှုတွေနဲ့ နျူကလီးယားလက်နက် ကင်းစင်ရေး လုပ်လာကြတာ သိသာထင်ရှားတယ်လို့ အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဂျပန်နိုင်ငံဟာ နျူကလီးယားဗုံးကြောင့် ဖြစ်ရတဲ့ အကျည်းတန်ဖြစ်ရပ်တွေကို နမူနာယူပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတွေနဲ့ မပိုင်ဆိုင်တဲ့ နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုမှာ ပေါင်းကူးသဖွယ် လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်က ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေကို အနုမြူဗုံး ၂ လုံး ကြဲခဲ့တာကြောင့် လူ ၇၄,ဝဝဝ နီးပါး သေဆုံးခဲ့ပါတယ်။
3 years Ago
Up