နာဂလက်နက်ကိုင်

May 17, 2019

နာဂလက်နက်ကိုင် (NSCN-K) အဖွဲ့ဝင် ၆ ဦးကို တပ်မတော် တရားစွဲ

နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K) အဖွဲ့ဝင် ၆ ဦးကို တပ်မတော်က မတရားအသင်း ဆက်သွယ်မှု ပုဒ်မ-၁၇(၁) နဲ့ တရားစွဲပြီး  မေလ၁၆ရက်က စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မရဲစခန်းမှာ အမှုဖွင့် လိုက်ပါတယ်။ နန်းယွန်းမြို့နယ် တကားကျေးရွာမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ NSCN-K ဗိုလ်မှူးအဆင့်အပါအဝင် ၆ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးတရားစွဲခံနေရသူတွေကတော့ ဗိုလ်မှူးကျားရမ်၊ ဒုဗိုလ်စိုင်းအောင်၊ အရာခံဗိုလ် ဝမ်လက်၊ တပ်ကြီးထွန်းမြင့်၊ တပ်ကြပ်ဆိုင်ဝမ်တို့ဖြစ်ကြပြီး တပ်မတော်ဘက်က ဗိုလ်ကြီးသန့်ဇင်အောင်က တရားလိုပြုလုပ် တရားစွဲထားတာလို့ ခန္တီးမြို့မရဲစခန်း တာဝန်ရှိသူပြောပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်ကတည်းက ဖမ်းထားတာဖြစ်ပြီး အခုမေလ ၁၆ရက်နေ့မှ အမှုစတင်ဖွင့်တာလို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်မတော်သတင်းနှင့် ပြန်ကြားရေးက ဗိုလ်မှူးကြီးသန်းနိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၉ ရက်ကလည်း  ခန္တီးအခြေစိုက် ခလရ (၅၂) တပ် နယ်ရိပ်သာမှာ NSCN-K ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးဖြစ်တဲ့  ငြိမ်းချမ်းဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအန်ကန့်၊ ဒုဥက္ကဋ္ဌ ဦးကျော်ဝမ်းစိန်၊ ဦးအန်းမိုင်၊ ဦးစောထင်နဲ့ ဦးအောင်ဆိုင်းတို့ ၅ ဦး  ဖမ်းဆီးထိမ်းသိမ်းပြီး မတရားသင်း ဥပဒေပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုထားပါတယ်။ နာဂလက်နက်ကိုင် NSCN-K နဲ့ တပ်မတော်တို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် လဟယ်မြို့နယ် ကော်ညှပ်ကျေးရွာမှာ တိုက်တွေဖြစ်ပွားနေတယ်လို့ သတင်းတွေထွက်နေပေမယ့် တပ်မတော် သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီးသန်းနိုင်ကတော့ ဘာမှမသိရသေးဘူးလို့ ပြောပါတယ်။ သတင်း- အောင်ဆန်းမြင့်
2 years Ago

April 29, 2019

နာဂလက်နက်ကိုင် ၅ ဦးကို တတိယအကြိမ် ရုံးထုတ်၊ တရားလိုသက်သေ နှစ်ဦးကို စစ်ဆေး

  စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်တရာရုံးမှာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ၁၇(၁)နဲ့ အမှုဖွင့်ခံထားရတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) တပ်ဖွဲ့ဝင် ၅ ဦးကို ဧပြီ ၂၉ ရက်က တတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ တရားလိုသက်သေအဖြစ် ပေါ်မိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်မင်းနဲ့ ရာအိမ်မှူး ဦးဝင်းပိုင် တို့ကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။ နာဂတပ်ဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် အမှုတွဲကို ရဲရာရှိဆီ အပ်တဲ့နေရာမှာ သက်သေအနေနဲ့ လက်မှတ်ထိုးခဲ့တယ်ဆိုတာ ဟုတ်မှန်ကြောင်း ထွက်ဆိုခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး ဦးစိန်မင်းက ပြောပါတယ်။ မတ် ၉ ရက်ကတည်းက ခန္တီးအခြေစိုက် ခလရ (၅၂) တပ် နယ်ရိပ်သာမှာ NSCN-K ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးဖြစ်တဲ့ ဦးအန်ကန့်၊ ဦးကျော်ဝမ်းစိန်၊ ဦးအန်းမိုင်၊ ဦးစောထင်၊ ဦးအောင်ဆိုင်းတို့ကို ခေါ်ဆောင်ထိန်းသိမ်းထားခံခဲ့ရတာပါ။ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်ကို ဦးအောင်ဆိုင်းက “ကျနော်တို့ ဌာနချုပ်တံခါးမှာ အဲဒီအချိန် ခန္တီးမြို့စစ်ဗျုဟာမှူးရှိတယ်။ ကျန်နော်တို့ ခန္တီးကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲသွားမယ်၊ စစ်ဗျူဟာမှုးခွင့်ပြုလို့ ခန္တီးလာခဲ့တာပါ။ ကျနော်တို့ဆွေနွေးပွဲလုပ်တာ ခန္တီးမြို့ ဇီဖြူကုန်းရပ်ကွက် နာဂရိုးရာကွင်းထဲမှာ လုပ်နေတုန်း တပ်ထဲကို ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်၊ လေယာဉ်ကွင်းနားရောက်တော့ ဖုန်းတွေ အကုန်သိမ်းသွားတယ်” လို့  ပြောပါတယ်။ အဲ့ဒီ ၅ ဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ခန္တီးရဲစခန်းမှာ မတ် ၂၆ ရက်နေ့မှာ ခန္တီးမြို့ စစ်ဗျုဟာရုံး ဗိုလ်မှူးကြီး ဇာနည်အောင်က တရားလိုပြုလုပ်ပြီး အမှုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ မေ ၆ ရက်နေ့ ချိန်းဆိုထားပါတယ်။ သတင်းနှင့်ဓာတ်ပုံ - အောင်ဆန်းမြင့်
2 years Ago
Up