နာဂစ်

May 2, 2018

နာဂစ်ကြောင့် အသက်ဆုံးခဲ့ရသူများကို သတိရရင်း သဘာဝဘေး ကြိုတင်ပြင်ဆင်ရန်တိုက်တွန်း

နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေကို သတိရရင်း သဘာဝဘေး အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အစိုးရကို ကူညီသွားမယ်လို့  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ အင်အားပြင်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုခံခဲ့ရတဲ့ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ခနွတ်အော့ဒ်စဘီက ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်တာပါ။ ၂ဝဝ၈ ခုနှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ ကပ်ဆိုးကြီးအတွင်း အသက်ဆုံးရှုံး၊ ထိခိုက်ခံစားခဲ့ရသူတွေကို သတိရရင်း၊ သဘာဝဘေးအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်တာနဲ့ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ တိုင်းပြည်ရဲ့ စွမ်းရည်ကို အားကောင်းစေရေး ဆောင်ရွက်ရာမှာ ကုလသမဂ္ဂက မြန်မာအစိုးရကို ဆက်လက်ပံ့ပိုး ကူညီမယ်လို့ ကတိပေးပြောပါတယ်။ ကြေကွဲဝမ်းနည်းဖွယ် ဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့ရသူတွေနဲ့ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရသူတွေကို အောက်မေ့သတိရကြောင်း၊ မြန်မာပြည်သူတွေ ခွန်အားရှိစွာ ကြံ့ကြံ့ခိုင် ရပ်တည်နိုင်မှုကို ချီးကျူးဂုဏ်ပြုကြောင်း၊ မြန်မာလူထုဟ မုန်တိုင်းတိုက်ပြီးနောက် ဘဝတွေ ပျက်စီးသွားခဲ့ရတဲ့ ရပ်ရွာတွေကို  ပြန်လည်တည်ဆောက်နိုင်တဲ့ ခွန်အား၊ သတ္တိကို ပြသခဲ့ရုံမျှမက သဘာဝဘေးအတွေ့အကြုံကို သင်ခန်းစာယူပြီး အစိုးရက ဦးစီးဆောင်ရွက်တဲ့ ဘေးအန္တရာယ် လျှော့ချရေး၊ ကြိုတင်ပြင်ဆင်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး ကြိုးပမ်းမှုတွေမှာ ပါဝင်ခဲ့ကြတယ်လို့ ကုလအရာရှိက ဆိုပါတယ်။ ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်က လေတိုက်နှုန်း တနာရီလျှင် ကီလိုမီတာ ၂ဝဝ ကျော်ရှိတဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် မြန်မာနိုင်ငံသမိုင်းမှာ  အဆိုးရွား အပြင်းထန်ဆုံး ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံတွေ့ခံစားခဲ့ရတာ ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် လူဦးရေ  ၁၄ဝ,ဝဝ လောက် သေဆုံးပျောက်ဆုံးခဲ့ပြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ လူဦးရေ ၂ ဒသမ ၄ သန်း နီးပါးလောက်  မုန်တိုင်းဘေး ထိခိုက်ခံစားခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ  အာရှတိုက်နိုင်ငံတွေထဲမှာ  သဘာဝဘေးအန္တရာယ်ကြုံတွေ့နိုင်ခြေ အများဆုံးရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ် ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ-Ananda
4 years Ago

July 6, 2017

နာဂစ်မုန်တိုင်းခံဒေသ စာသင်ကျောင်းတွင် အစိုးရချပေးသည့် စာသင်ခုံများ မလုံမလောက်ဖြစ်နေ

နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာက အခြေခံပညာအထက်တန်းကျောင်းမှာ အစိုးရက ချပေးတဲ့ စာသင်ခုံတွေ မလုံလောက်တာကြောင့် အလှူရှင်ဖိတ်ခေါ်ပြီး စာသင်ခုံတွေ လုပ်ပေးနေရပါတယ်။ ကဒုံကနိကျေးရွာ အ.ထ.က ကျောင်းမှာ ကျောင်းသား ကျောင်းသူပေါင်း ၁၄၃၆ ဦးရှိပြီး ပဉ္စမတန်း ကျောင်းသား ကျောင်းသူ ၂၆၇ ဦးအတွက် စာသင်ခုံမရှိတာကြောင့် ဇွန်လအတွင်းမှာ အဲဒီကျောင်းသား ကျောင်းသူတွေ သမံတလင်းမှာ ထိုင်ပြီး စာသင်ကြားခဲ့ရပါတယ်။ အခုလက်ရှိမှာ ဘိုကလေးမြို့နယ် ပညာရေးမှူးရုံးကနေ ၅ ယောက်တွဲ ထိုင်ခုံအလုံး ၃၀ ချထားပေးပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကနေ အလှူရှင်တွေ ဖိတ်ခေါ်ကာ စာသင်ခုံ ၄၅ လုံး လှူဒါန်းထားတာကြောင့် လုံလောက်မှုရှိနေပြီး နောက်ထပ်စာသင်ခုံအလုံး ၂၀ ရရှိရင် ပြည့်စုံမှာ ဖြစ်တယ်လို့ အဲဒီကျောင်းရဲ့ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်က ပြောပါတယ်။ ပဉ္စမတန်းကျောင်းသားတွေအတွက် စာသင်ခန်း ၂ ခန်းကို ခုံဖြည့်ဆည်းထားပြီး စာသင်ခန်းတခန်းသာ ကျန်ရှိနေတာပါ။ အဲဒီကျောင်းမှာ စာသင်ကြားနေတဲ့ ၅ တန်း၊ ၆ နဲ့ ၇ တန်းအထိ ကျောင်းသား ကျောင်းသူတွေရဲ့ထိုင်ခုံတွေဟာ ယိုယွင်းပျက်စီးနေတာကို ပြန်လည်ပြင်ဆင်ထားရတာကြောင့် လာမယ့်နှစ်တွေမှာ စာသင်ခုံများစွာ လိုအပ်မှာဖြစ်ပြီး သက်ဆိုင်ရာပညာရေးဝန်ထမ်းတွေကို တင်ပြတောင်းခံပေမယ့် စာသင်ခုံ လုံလောက်စွာ ချထားပေးတာ မရှိဘူးလို့ ကျောင်းဆရာတဦးက ဆိုပါတယ်။ ကလေးတွေကို စာသင်ခုံမရှိဘဲ သမံတလင်းမှာ နေရတာကြောင့် ကျောင်းသားမိဘတွေက စိုးရိမ်မှုရှိနေပါတယ်။ “ကလေးတွေက အခုအချိန်အထိ ခုံနဲ့မထိုင်ရသေးဘူး။ ကလေးတွေက ကျန်းမာရေး ကြာရင်ထိခိုက်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ ကလေးတွေ အုတ်ပေါ်မှာနေရတဲ့အခါကျေတာ့ ညဘက်ဆို အိပ်မပျော်ဘူး။ အကြောတွေ တက်တယ်။ ကလေးတွေက ထိုင်းမှိုင်းတယ်။ စာရေးတဲ့အခါ ကုန်းရေးရတော့ အဆင်မပြေဘူး”လို့ ၅ တန်းကျောင်းသားရဲ့ မိခင် ဒေါ်မြင့်ကြည်က ဆိုပါတယ်။ လက်ရှိမှာ ပြင်ပကအလှူရှင်တွေကနေ စာသင်ခုံတလုံးကို ငွေကျပ် ၆၅၀၀၀ နဲ့ လှူဒါန်းနေတာပါ။ ကဒုံကနိကျေးရွာအုပ်စုအတွင်းမှာ စာသင်ကျောင်းပေါင်း ၂၂ ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၂၉၁၈ ဦး ရှိပါတယ်။ ဘိုကလေးမြို့ပိုင်အုပ်စု( ၄၄) မှာ အ.ထ.က ကျောင်း ၁ ကျောင်း ၊မူလတန်းကျောင်း ၁၂ ကျောင်း၊ မူလတန်းခွဲ ၃ ကျောင်းနဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်း ၄ ကျောင်းရှိပါတယ်။ အဲဒီမူလတန်းကျောင်းနဲ့ ဘက ကျောင်းအပါအဝင် စာသင်ကျောင်းပေါင်း ၂၁ ကျောင်းမှာ တကျောင်းကို စာသင်ခုံ အနည်းဆုံး ၅ လုံးလောက် လိုအပ်နေတယ်လို့ ကဒုံကနိကျေးရွာ ရွာမကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူခိုင်က ဒီဗွီဘီကို ပြောပါတယ်။ ၂၀၁၅ ခုနှစ်လောက်မှာ အစိုးရကနေ ကဒုံကနိ အ.ထ.ကကို သံနဲ့ပြုလုပ်ထားတဲ့ စာသင်ခုံ ၁၅ လုံး ချထားပေးခဲ့ပြီး အခုနှစ်မှာ အလုံး ၃၀ ချထားပေးတာပါ။ မူလတန်းကျောင်းတွေမှာ ၂၀၁၅ ခုနှစ်ကပဲ စာသင်ခုံအနည်းငယ် ချထားပေးဖူးပြီး ကျောင်းရန်ပုံငွေနဲ့ပဲ ပြုပြင်လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။
5 years Ago
Up