နာဂ

August 10, 2021

ဆရာဝန်ကြီး ဒေါက်တာ သိန်းလှိုင် (နာဂသိန်းလှိုင်) ကွယ်လွန်

နာဂသိန်းလှိုင်လို့ ထင်ရှားလူသိများတဲ့  ဆရာဝန်ကြီး ဒေါက်တာသိန်းလှိုင် အသက် ၈၈ နှစ်ဟာ   ဩဂုတ် ၁၀ ရက် ဒီနေ့ မနက် ၉ နာရီ ၁၀ မိနစ်က ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ မိသားစုက လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ 

ဒေါက်တာသိန်းလှိုင်ဟာ ဝေလံသီခေါင်တဲ့ နာဂတောင်တန်းရှိ တိုင်းရင်းသားတွေကို နှစ်ပေါင်းများစွာ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သူဖြစ်ပြီး မေ့ဆေးမပါပဲ ထုံဆေးနဲ့ လည်ပင်းကြီးရောဂါတွေ ခွဲစိတ်ကုပေးခဲ့ရာမှာ နာမည်ကြီးတဲ့  ဆရာဝန်တစ်ဦးဖြစ်ပါတယ်။

၁၉၃၃ ခု နိုဝင်ဘာ ၇ ရက်မှာမွေးဖွားခဲ့ပြီး ၁၉၅၇ ခုနှစ် ဆေးကျောင်းသားဘဝက  ဆေးကောလိပ်ကျောင်းသားများသမဂ္ဂရဲ့  အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံလူငယ်ဆရာဝန်များအသင်း (YDA)ကို တည်ထောင်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲဲ့ပါတယ်။

အလုပ်သင်ဆရာဝန်ဘဝမှာ အစိုးရထောက်ပံ့ကြေးမရတဲ့ အလုပ်သင်ဆရာဝန်တွေအတွက်  ဦးဆောင်သပိတ်မှောက်ခဲ့လို့ လက်တွေ့ဆင်းနေရာကနေ အလုပ် ဖြုတ်ခံခဲ့ရပါတယ်။

၁၉၆၅ ခုနှစ်မှာ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဒေါက်တာ သန်းလှိုင်ကို အပြစ်ပေးတဲ့ အနေနဲ့  ခန္တီးဒေသို့ ပို့ခဲ့စဉ် နာဂတောင်တန်းဒေသမှာ အဖြစ်များနေတဲ့ လည်ပင်းကြီးရောဂါနဲ့ တခြားခွဲစိတ်လူနာတွေကို  အောင်မြင်အောင်ခွဲစိတ်ပေးနိုင်ခဲ့သလို ခွဲစိတ်ကုသမှုကို လက်မခံတဲ့ နာဂလူမျိုးတွေကိုလည်း  သဘောပေါက်နားလည်စေဖို့ ကိုယ့်အသက်ကိုယ် အပေါင်ထားကာ ကုသပေးခဲ့ရသူ ဖြစ်ပါတယ်။

နာဂတိုင်းရင်းသားတွေ ရောဂါဖြစ်တိုင်းပင့်ဆောင်လေ့ရှိတဲ့  နတ်ဆရာတွေတောင် ကုသမပေးနိုင်တဲ့ လည်ပင်းကြီးရောဂါကို ဒေါက်တာသိန်းလှိုင်က ပျောက်အောင် ကုသပေးနိုင်ခဲ့လို့ နာဂတိုင်းရင်းသားတွေက  "နာဂနတ်" လို့ တင်စားခေါ်ဆိုခံခဲ့ရပါတယ်။ 

ဆရာဝန်ကြီးဒေါက်တာနာဂသိန်းလှိုင်ဟာ ထုံဆေးပညာသီးသန့် နဲ့ မေ့ဆေးမသုံးဘဲ ခွဲစိတ်ခဲ့တဲ့ လူနာပေါင်းဟာအနားယူချိန် ၂၀၀၉ ခုနှစ်အထိ နှစ်ပေါင်း ၄၇ နှစ်အတွင်း ၂၈၉၅ ဦး အထိရှိခဲ့တယ်လို့ မှတ်တမ်းတွေရှိထားပါတယ်။ 

ဆရာကြီးဟာ ၁၉၇၁ ခုနှစ်မှာ နာဂတောင်တန်းမှ ပြန်လာပြီးနောက်   ဖြူးမြို့နယ် ဆေးရုံမှူး၊ ပုသိမ်မြို့ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ နမ့်ခမ်းမြို့နယ်ဆရာဝန်ကြီး၊ မန္တလေး မီးရထားဆရာဝန်ကြီး၊ သာယာဝတီမြို့နယ်ဆရာဝန်ကြီး စသဖြင့် တာဝန်ထမ်းဆောင်ခဲ့ရပြီး ၁၉၈၈ ခုနှစ်မှာ အစိုးရဝန်ထမ်းဘဝမှ အငြိမ်းစားယူခဲ့ပါတယ်။

အငြိမ်းစားယူပြီးနောက် ဒေါက်တာနာဂသိန်းလှိုင်ဟာ ပြင်ဦးလွင်မြို့မှာ ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်နေထိုင်ခဲ့ကာ တောင်ကြီးမြို့ ကမ္ဘောဇဆေးရုံ ခွဲစိတ်ဆရာဝန်အဖြစ်လည်းကောင်း၊  ရန်ကုန်မြို့ရှိ အောင်ရတနာဆေးခန်း၊ စိတ္တသုခဆေးခန်းတို့မှာလည်း  ဆေးကုသမှုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဆရာကြီး နာဂသိန်းလှိုင် အကြောင်း  အတ္ထုပ္ပတ္တိကို စာရေးဆရာ  ညီပုလေးက ဝတ္ထုဟန်ဖွဲ့ထားတဲ့ ‘ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်’ စာအုပ်ဟာ ၂၀၁၆ ခုနှစ်အတွက်  အမျိုးသားစာပေဆုရရှိခဲ့ပါတယ်။

Photo Credit-MyoThant/MyatTheinTun/Bookforus

4 months Ago

January 12, 2019

နာဂအထိမောင်းမည့် ခရီးကြမ်းကားမောင်းသမားများ တမူးမြို့ ရောက်ရှိ

နာဂဒေသထိ မောင်းမယ့် “Journey To The Naga Land “ Rally Sagaing /MHTTR 7-2019 လို့ အမည်ပေးထားတဲ့ ခရီးကြမ်းကားမောင်းပြိုင်ပွဲအဖွဲ့ တမူးမြို့နယ်ကို ဇန်နဝါရီ ၁၂ ရက်နေ့ မွန်းလွဲချိန်က ရောက်ရှိခဲ့ပါတယ်။ လူ ၇၂ ဦး ပါဝင်တဲ့ ကား ၁၉ စီးဟာ ဇန်န၀ါရီ ၁၁ ရက်က မုံရွာမြို့ကနေ စတင်ထွက်ခွာလာခဲ့ပြီး နာဂဒေသ လေရှီးမြို့နယ်မှာ ဇန်န၀ါရီ ၁၅ ရက် ပြုလုပ်မယ့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်မှာ ပြိုင်ပွဲခရီးစဉ် ပြီးဆုံးမှာ ဖြစ်ပါတယ်။ ဒီကားမောင်းပွဲဟာ စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားမြှင့်တင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံခရီးသွားဈေးကွက် မြှင့်တင်ရေးအဖွဲ့က ပံ့ပိုးခြင်းလည်း ဖြစ်ပါတယ်​။ ပြည်တွင်းက လှပတဲ့ နေရာတွေကို ပြည်တွင်း ခရီးသွားတွေ လာရောက်စေချင်တယ်လို့ ကား​မောင်​အဖွဲ့မှာ ပါဝင်​​တဲ့ ကိုဗညာ​ဇော်​က ​ပြောပါတယ်​။ ကားမောင်းပွဲ ဖွင့်ပွဲကို ၁၁ ရက်​ မနက်ပိုင်း ၇ နာရီက မုံရွာမြို့ ဗိုလ်ချုပ်လမ်းမပေါ်မှာ ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ Myanmar Hertiage Trail Tourism Rally (MHTTR) ကားမောင်းအဖွဲ့ အနေနဲ့ ပထမအကြိမ် ဗိဿနိုး-ဟန်လင်း-ခရီးစဉ်နဲ့ စတင်ခဲ့ရာ မြိတ်- ထားဝယ်- ထိုင်းနိုင်ငံ- ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ တာချီလိတ်စတဲ့ ဒေသတွေကို သွားရောက်ထားပြီးဖြစ်ကာ ခရီးသွားဒေသတွေ ဖော်ဆောင်မြှင့်တင်ရေးနှင့် မြန်မာ့ခရီးသွားကဏ္ဍကို နိုင်ငံတကာမှာ ချပြရေးတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ ဂေါင်ဂေါင်
3 years Ago
More News
Up