နယ်သာလန်သား

February 8, 2020

‘ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန် ရွေးလိုက်’ ဟု အောင်လကို နယ်သာလန်ဖိုက်တာ စိန်ခေါ်

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ မနေ့က ကျင်းပခဲ့တဲ့ MMA One ချန်ပီယံရှစ်ပွဲမှာ နယ်သာလန်သား ရိန်နီယာဒီရိုက်ဒါက ဘရာဇီးသား အက်တိတ်ဒက်စ်ကို အမှတ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီပွဲမှာ အနိုင်ရတဲ့သူက အောင်လအန်ဆန်ရဲ့ မစ်ဒစ်ဝိတ် ချန်ပီယံ ရွှေခါးပတ်ကို စိန်ခေါ်ခွင့်ရမှာ ဖြစ်ပြီး ဒီရိုက်ဒါက အောင်လအန်ဆန်ကို စိန်ခေါ်ထိုးသတ်ခွင့်ရလာခဲ့တာပါ။ ဒီရိုက်တာဟာ ပွဲအပြီးမှာတော့ ထိုးသတ်စင်ပေါ်ကနေပဲ အောင်လကို အဆင်သင့် ဖြစ်ပြီလားလို့ စိန်ခေါ်သွားခဲ့တာပါ။ “အောင်လ၊ မင်း အဆင်သင့်ဖြစ်ပြီလား၊ ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်နဲ့ ကြိုက်တဲ့နေ့ ရွေးလိုက်ပါ။ မင်းက အဲဒီလိုရွေးဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ရွှေခါးပတ်တော့ ပြောင်လက်နေအောင် ဆက်ပြီး လုပ်ထားပါ။ ငါယူဖို့ လာနေပြီ” လို့ အောင်လကို စိန်ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။ အောင်လအန်ဆန်ကလည်း အရေးကြီးပွဲမှာ အနိုင်ရခဲ့တဲ့ ဒီရိုက်ဒါကို သူ့ရဲ့ ဖေ့ဘွက်ခ် စာမျက်နှာကနေ ချီးကျူးခဲ့ပြီး သိပ်မကြာခင်မှာ စင်ပေါ်မှာ ဆုံဖို့ မျှော်လင့်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ အသက် ၂၉ ရှိ ဒီရိုက်ဒါဟာ အရပ် ၆ ပေ ၄ လက်မမြင့်ပြီး ၁၈၅ ပေါင် အလေးချိန် ရှိပါတယ်။ အောင်လက ၂၀၅ ပေါင် ရှိပါတယ်။  ဒီရိုက်ဒါဟာ MMA ပွဲစဉ် စုစုပေါင်း ၁၂ ပွဲ ထိုးသတ်ခဲ့ပြီး ၁၂ ပွဲစလုံး အနိုင်ရထားလို့ အောင်လအန်ဆန်အတွက် အခက်ခဲဆုံး ပြိုင်ဘက်ဖြစ်လာဖို့ ရှိနေပါတယ်။ အသက် ၃၄ နှစ်ရှိ အောင်လအန်ဆန်က MMA ၂၆ ပွဲမှာ ၁၀ ပွဲ ရှုံးထားပေမယ့် နောက်ဆုံး ၇ ပွဲ ဆက်တိုက် အနိုင်ရထားပါတယ်။ အောင်လနဲ့ ဒီရိုက်ဒါတို့ရဲ့ မစ်ဒယ်ဝိတ် ချန်ပီယံ ရွှေခါးပတ်လုပွဲကို ဘယ်အချိန် ဘယ်နေရာမှာ ထိုးသတ်မလဲ ဆိုတာတော့ One Championship က ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
1 year Ago
Up