နယ်လုံဝန်ကြီး

March 18, 2022

စာသင်ကျောင်းပိတ်သည့်ကိစ္စ စစ်ကောင်စီနယ်လုံဝန်ကြီး၏ ကန့်ကွက်စာကို ကေအန်ယူ လက်မခံ

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို စစ်ကောင်စီဘက်က စတင်ချိုးဖောက်တာဖြစ်လို့ စစ်ကောင်စီနယ်လုံဝန်ကြီးရဲ့ ကန့်ကွက်စာကို လက်မခံဘူးလို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ ၁၊ ဘားအံမြို့နယ်က မတ် ၁၈ ရက်မှာ တုံ့ပြန် ပြောပါတယ်။

ဘားအံမြို့နယ်အတွင်းက အခြေခံပညာစာသင်ကျောင်း ၄ ကျောင်း ပိတ်ထားရတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီခန့် ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ကေအန်ယူထံ မတ် ၁၄ ရက်နေ့စွဲနဲ့  ကန့်ကွက်အကြောင်းကြားစာပေးပို့တဲ့အပေါ် အခုလို တုံ့ပြန် ပြောဆိုလိုက်တာပါ။

စစ်ကောင်စီနယ်လုံဝန်ကြီးရဲ့ စာမှာတော့ ဖေဖော်ဝါရီ ၇ ရက်က တပ်မဟာ ၁ ရဲ့ ထုတ်ပြန်ချက်ကြောင့် ဘားအံမြို့နယ်အတွင်းက တကောင်ဘိုး(အထက)၊ မြိုင်(အထက)၊ ဝဲပျံ(အထကခွဲ)၊ ဘောသပြုကျေးရွာ(အလက) ကျောင်းတွေက ဝန်ထမ်းတွေကို ကျောင်းကော်မတီက လုံခြုံမှုမပေးနိုင်တဲ့အတွက် ကျောင်းတွေ ပိတ်ထားရတဲ့အကြောင်း၊ ဒါနဲ့  ပတ်သက်ပြီး ကေအန်ယူအနေနဲ့ အန်စီအေ သဘောတူစာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ဖို့နဲ့ နယ်ဘက်အုပ်ချုပ်ရေးဆိုင်ရာတွေမှာ ဝင်ရောက်မစွက်ဖက်ရေး လက်အောက်ခံတပ်ဖွဲ့တွေကို ထိန်းသိမ်းကြပ်မတ်ဖို့ ရေးသားထားပါတယ်။ 

ဒီစာနဲ့ ပတ်သက်ပြီး ကေအန်ယူ တပ်မဟာ ၁ တာဝန်ရှိသူတဦးက “ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့အစည်းကို အာဏာသိမ်းယူတဲ့အတွက်ကြောင့် သူတို့ (စစ်တပ်) အာဏာသိမ်းပြီးကတည်းက အဲဒီ အန်စီအေကို ကျနော်တို့ အသိအမှတ် မပြုတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်စီအေ ပါ အချက်အလက်တွေက သူတို့ (စစ်တပ်) ချိုးဖောက်လိုက်ပြီလေ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ တပ်မဟာ ၁၊ တပ်ရင်း ၁၊ ၂ ဘားအံမြို့နယ်မှာတော့ သူတို့ရဲ့ အန်စီအေ ကို ကျနော်တို့ အသိအမှတ်မပြုဘူး။”လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၆ နာရီလောက်က တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ၊ ဘားအံမြို့နယ်၊ တကောင်ဘိုးကျေးရွာအုပ်စု၊ နို့သရေးကျေးရွာအတွင်းကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ BGF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နို့သရေးကျေးရွာသားတွေဖြစ်တဲ့ အသက် ၅၀ အရွယ် စောဖားလား ညာဘက်လက်ကောက်ဝတ်ကို ထိမှန်ခဲ့သလို ၁၄ နှစ်အရွယ် စောပြည့်စုံရဲ့ ညာဘက်ချိုင်းအောက်ကို လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အလားတူ ဖေဖော်ဝါရီ ၂၄ ရက် ည ၉ နာရီခွဲလောက်က သထုံမြို့နယ်၊ နောင်ကတုတ်အောက်ပိုင်း ကျေးရွာအတွင်းကို စစ်ကောင်စီရဲ့ ခမရ  ၉ တပ်စခန်း (ကြခတ်ချောင်း) ကနေ လက်နက်ကြီး ၃ ချက် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ နော်ဖောဂေရဲ့ နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့လို့ အိမ်အမိုး အကာ၊ သွပ်ပြားတွေ ထိမှန်ပျက်စီးခဲ့သလို ကျေးရွာစာသင်ကျောင်းပါ ထိမှန် ပျက်စီးခဲ့ပါတယ်။

တပ်မဟာ ၁ နယ်မြေအတွင်း စစ်ကောင်စီက နယ်မြေကျော် စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် KNLA တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

9 months Ago

July 21, 2020

စစ်ကိုင်းတိုင်းအစိုးရ၏ ၃ ယောက်မြောက် နယ်လုံဝန်ကြီးကို တိုင်းလွှတ်တော် အတည်ပြု

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ နယ်လုံဝန်ကြီးသစ်ကို  ဒီကနေ့ ဇူလိုင် ၂၁ ရက် မနက်က ကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်အစား အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းတင်စိုးကို ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကိုယ်စား  စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦးက ဒီကနေ့ လွှတ်တော်ကို အဆိုပြုတင်သွင်းခဲ့ပြီး လွှတ်တော်ရဲ့ သဘောထားရယူရာမှာ ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုခဲ့ပါတယ်။ ဒီနောက်  လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ဝင်းတင်စိုးက လွှတ်တော်ဥက္ကဋ္ဌရှေ့မှာ  ကတိပြုလက်မှတ်ရေးထိုး ခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကတိသစ္စာမပြုရသေးတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် သစ် ၃ ဦးက လည်း လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှာ ကတိပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ဦးဆောင်တဲ့ စစ်ကိုင်းတိုင်း အစိုးရသက်တမ်း ၅ နှစ်တာကာလအတွင်း လုံခြုံရေးနဲ့  နယ်စပ်ရေးရာ ဝန်ကြီးပြောင်းလဲမှု ၃ ဦးထိရှိပြီဖြစ်ပါတယ်။ ပထမဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်သန်းနိုင်က တာဝန်ယူခဲ့ပြီး   ဒုတိယအဖြစ် ဗိုလ်မှူးကြီး သန်းထွန်းအောင်နဲ့ အခုတတိယမြောက်အဖြစ်  ဗိုလ်မှူးကြီး  ဝင်းတင်စိုးတို့က တာဝန်ယူမှာဖြစ်ပါတယ်။ အခုလို ဝန်ကြီး ၃ ဦးထိ ပြောင်းလဲတဲ့အပေါ်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်တာကြောင့် ထွေထွေထူးထူးမပြောလိုဘူးလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တချို့က ပြောပါတယ်။ ဒါပေမဲ့ ဝန်ကြီးအသစ်အနေနဲ့ ကျန်ရှိတဲ့ သက်တမ်းအတွင်းမှာ တရားဥပဒေစိုးမိုးရေးနဲ့ မူးယစ်ဆေးဝါးကိစ္စတွေကို ထိထိရောက်ရောက် လုပ်ဆောင်ပေးစေချင်တယ်လို့ ပြောပါတယ်။ ဒီကနေ့ အထူးအစည်းအဝေးပထမနေ့မှာတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၃ ဦးကတိသစ္စာပြုတာ၊ ဝန်ကြီးသစ်ခန့်အပ်တာ၊ ကိုယ်စားလှယ် ၃ ဦးက ဒေသဖွံ့ဖြိုးရေးနဲ့ ဆိုင်တဲ့ မေးခွန်း ၃ ခု မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် စီမံဘဏ္ဍာဝန်ကြီးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဌာနဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အထွေထွေ ပိုလျှံရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းတို့ကို လွှတ်တော်ကို တင်သွင်းခဲ့ပြီး အစည်းအဝေးကို ရပ်နားခဲ့ပါတယ်။
2 years Ago
More News
Up