နယ်စပ်ပဋိပက္ခ

July 14, 2020

အာမေးနီးယားနှင့် အဇာဘိုင်ဂျန် နယ်စပ်ပဋိပက္ခတွင် နှစ်ဖက် စစ်သည်များ သေဆုံး 

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နယ်စပ်ပဋိပက္ခတွေအတွင်း နှစ်ဖက် စစ်သည်တွေ သေဆုံးတယ်လို့ နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနတွေက ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။ ကော့ကေးဆပ်တောင်ပိုင်းဒေသမှာ ဇူလိုင် ၁၂ ရက်က စတဲ့ အပြန်အလှန် ပစ်ခတ်မှုဟာ ဇူလိုင် ၁၃ ရက်အထိ ဆက်ဖြစ်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကာ အမြောက်နဲ့ ပစ်တယ်လို့ နှစ်ဖက်လုံးက အပြန်အလှန် စွပ်စွဲထားပါတယ်။ စစ်သည် ၄ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရတယ်လို့ အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သလို အာမေးနီးယားဝန်ကြီးဌာနကတော့ စစ်သည် ၂ ယောက် ဒဏ်ရာရတယ်လို့ ပြောပါတယ်။ ဒီနှစ်နိုင်ငံဟာ တချိန်က ဆိုဗီယက်ပြည်ထောင်စု လက်အောက်ခံနိုင်ငံတွေဖြစ်ပြီး သူတို့ ပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်တယ်လို့ နှစ်ဖက်လုံးက အပြန်အလှန် စွပ်စွဲနေကြတာပါ။ အဇာဘိုင်ဂျန်နိုင်ငံကနေ အာမေးနီးယားတိုင်းရင်းသားလူများစုရှိရာ နာဂါနိုကာရာဘာ့ခ်ဒေသ ခွဲထွက်ချိန်က ကာလရှည် ပဋိပက္ခ ဖြစ်ပွားခဲ့တာပါ။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲတဲ့ ၁၉၉၁ ခုနှစ်တည်းကစတဲ့ ပဋိပက္ခအတွင်း အဇာဘိုင်ဂျန်နိုင်ငံထဲက နာဂါနိုကာရာဘတ်ခ်ကုန်းမြင့်မှာနေတဲ့ အာမေးနီးယား တိုင်းရင်းသားတွေက လွတ်လပ်ရေး ကြေညာခဲ့ပါတယ်။ ၁၉၉၄ မှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ပေမယ့် ဒေသတဝန်းနဲ့ အဇာရီအာမေးနီးယန်း နယ်စပ်ရှေ့တန်းတလျှောက် ပစ်ခတ်တိုက်ခိုက်မှုရှိတယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။ ဒီဒေသဟာ ရေနံနဲ့ ဓာတ်ငွေ့တွေကို ကမ္ဘာ့ဈေးကွက်ဆီ တင်ပို့တဲ့ စင်္ကြံလမ်းပေါ်မှာ ရှိနေလို့ ဒီပဋိပက္ခဟာ နိုင်ငံတကာ လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။
10 months Ago
Up