နယ်စပ်ပစ်ခတ်မှု

September 9, 2020

နယ်စပ်ပစ်ခတ်မှု တရုတ်နှင့် အိန္ဒိယအပြန်အလှန် စွပ်စွဲ

တရုတ်နဲ့ အိန္ဒိယ နယ်စပ်က ထိန်းချုပ်ရေးစည်းမျဉ်းကို အိန္ဒိယ စစ်တပ်က တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာပြီး ခြိမ်းခြောက်တဲ့အနေနဲ့ လေထဲကို သေနတ်နဲ့ စပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ အလေးအနက်ထားရမယ့် စစ်ရေးကျူးကျော်မှုပဲလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်မှာ ပြောလိုက်ပါတယ်။ ဟိမဝန္တာဒေသအနောက်ပိုင်းက နယ်စပ်မှာ တရုတ်နဲ့ အိန္ဒိယတို့ ထိပ်တိုက်တွေ့မှုအသစ် ဖြစ်ခဲ့လို့ ဘယ်သူ စပစ်ခတ်သလဲဆိုတာ တဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲနေကြတာပါ။  ရှေ့တန်းရောက် စစ်သည်တွေကို စည်းကမ်းချမှတ်ဖို့ တရုတ်အစိုးရက အိန္ဒိယကို တိုက်တွန်းတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျိုးလိကျန်းက ပေကျင်းမြို့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နျူကလီးယား လက်နက်ပိုင်ရှင် ပြိုင်ဘက် အိမ်နီးချင်း နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှု ပိုတိုးလာနေတာပါ။ ဝေးလံသီခေါင်တဲ့ နယ်စပ်မှာ နှစ်နိုင်ငံတပ်တွေ ရာချီပြီး ကပ်လျက် ရှိနေတာ ဖြစ်ပြီး ဇွန်လတုန်းက ပဋိပက္ခဖြစ်လို့ လက်နက်မဲ့ တိုက်ပွဲအတွင်း အိန္ဒိယစစ်သည် အယောက် ၂၀ သေဆုံးခဲ့ပါတယ်။ အထိအခိုက်မခံတဲ့ နယ်စပ်မှာ သေနတ်သုံးခွင့် ရှောင်ရှားဖို့ ကာလကြာရှည် ကိုင်စွဲထားတဲ့ သဘောတူညီချက်ကို ချမှတ်ထားပေမယ့် အသေအပျောက်ကိုတော့ မဟန့်တားနိုင်ပါဘူး။ လာဒက်ခ်ဒေသမှာ စက်တင်ဘာ ၇ ရက် ညက တရုတ်ပြည်သူ့ လွတ်မြောက်ရေး စစ်တပ် (PLA) က စစ်သည်တွေဟာ နယ်စပ် ထိန်းချုပ်ရေးမျဉ်း (LAC) မှာ တပ်စွဲထားတဲ့ အိန္ဒိယ စစ်စခန်း ဆီကို ချဉ်းကပ်ဖို့ ကြိုးစားခဲ့တယ်လို့ အိန္ဒိယ စစ်တပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။ ပန်ဂွန်ဆောင်ရေကန် တောင်ဘက် ကမ်းပါးတလျှောက်က တရားမဝင် နယ်စပ်ကို အိန္ဒိယတပ်က LAC ကို ချိုးဖောက်ဝင်ရောက်ပြီး သေနတ် စပစ်ခဲ့တာလို့ တရုတ်က ပြောပါတယ်။ နှစ်နိုင်ငံ စစ်ရေးတင်းမာနေလို့ လျှော့ချဖို့ ဇူလိုင်လတည်းက စစ်ဘက်ဦးစီးမှူးတွေနဲ့ သံတမန် တွေက ဆွေးနွေးပွဲတွေ အတော်များများ ကျင်းပခဲ့ပေမယ့် နှစ်နိုင်ငံလုံးက ပိုင်နက် အငြင်းပွားနေပြီး သူတို့လုံခြုံရေးအတွက် အသက်သွေးကြော နယ်စပ်နယ်နိမိတ်လို့ မှတ်ယူထားလို့ တိုးတက်မှု နည်းနည်းသာ ရှိခဲ့ပါတယ်။
1 year Ago
Up