နယ်ခြားစောင့်ရဲ

December 21, 2018

အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲ ၁ ဦး သေဆုံး

မြန်​မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး လုံခြုံရေးဆောင်ရွက်တဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သားတဦး သေဆုံးသွားပါတယ်။ ဒီဇင်​ဘာ ၁၉ ရက်​​​ နေ့လယ်​က နယ်​စပ်​ခြံစည်းရိုး အပြင်​ဘက်​ကနေ လက်နက်ကိုင်အဖွဲ့တဖွဲ့ နေရာယူ ပစ်​ခတ်​ခဲ့တဲ့ ​တောင်​ကုန်းရဲ့ ​တောင်​ဘက်​ ကိုက်​ ၁၀၀ လောက်အကွာမှာ ရဲတပ်​သားတဦး ပက်​လက်​အ​နေအထားနဲ့ သေဆုံး​နေတာကို ​တွေ့ရှိ​ကြောင်း ​နယ်မြေ ၂ စခန်း တာဝန်​ရှိသူတ​ဦးက ဒီဗွီဘီကို အတည်​ပြု​ပြောပါတယ်​။ "​သေဆုံး​နေတဲ့ အ​နေအထားက ဘယ်​ဘက်​​ပေါင်​ရင်းကျိုး၊ ဘယ်​လက်​​မောင်း၊ ရင်​အုပ်​မှန်​ဒဏ်​ရာ၊ ဘယ်​မျက်​လုံး​အောက်​ နှာခေါင်းရင်း​ ဖောက်ဝင်​ဒဏ်​ရာတွေ တွေ့ရှိပါတယ်​။ အ​လောင်းအနီးမှာ လုံးပတ်​ ၄ လက်​မခန့်​၊ အရှည်​လက်​မခွဲ၊ အချင်း ၁ လက်​မခန့်​ရှိ​သော မိုင်းခလုတ်တခု တွေ့ရှိပါတယ်​၊ သူကိုင်​​ဆောင်​တဲ့ သေနတ်​ ဘီ​အေ ၆၃ ​သေနတ်​က​တော့ တွေ့ရှိခြင်းမရှိ​ပါ၊ အ​လောင်း​အောက်​မှာ မိုင်းရှိ​ကြောင်း စစ်​​ဆေး​တွေ့ရှိရပါတယ်​။" ဒီဇင်ဘာ ၁၇ ရက်ကလည်း မောင်တောမြို့နယ်၊ နယ်မြေ ၂၊ နယ်စပ်ခြံစည်းရိုး မှတ်တိုင် ၄၁ နဲ့ ၄၂ အကြားမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်းလှည့်နေစဉ် ခြံစည်းရိုးတဖက်ခြမ်း တဖက်နိုင်ငံဘက်ခြမ်းကနေ အမည်မသိ အဖွဲ့တဖွဲ့က ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့လို့  ရဲတပ်သားတဦး ဒဏ်ရာရခဲ့ပါတယ်။
3 years Ago

November 22, 2016

နယ်ခြားစောင့်ရဲယာဉ်တန်းအား မိုင်းခွဲတိုက်ခိုက်သူ ဘင်္ဂလီ ၁ ဦးဖမ်းမိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာမှာ ပါဝင်သူတဦးကို ဖမ်းဆီးမိထားတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၂ ရက်က ကျီးကန်းပြင်အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို မော်တော်ယာဉ်သုံးစီးနဲ့ ငါးခူရစခန်းသို့ပို့ဆောင်စဉ် မောင်တောမြို့နယ် မောင်နှစ်မ(တောင်)ရွာအ၀င် ဘေလီတံတားမှာ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူတွေက လက်လုပ်မိုင်းနဲ့ ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မာမွတ်ကာစီဆိုသူကို မသင်္ကာတဲ့အတွက် ဖမ်းမိစစ်ဆေးရာမှာ မိုင်းဖောက်ခွဲတဲ့ဖြစ်စဉ်မှာ ၎င်းကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ဆေးမေးမြန်းစဉ် ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၁ ရက်က မာမွတ်ကာစီနဲ့ လေးဦးတို့ဟာ မောင်နှစ်မ(တောင်)ရွာအ၀င် ဘေလီတံတား အနီးတွင်ကျင်းတူးပြီး မိုင်းတစ်လုံးမြှုပ်နှံခဲ့ပြီး သံကြိုးဆွဲကာ လယ်ကွင်းပြင်မှာ သံကြိုးကိုထားခဲ့တာဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက် မနက်မှာ ၎င်းနှင့်အခြားဘင်္ဂါလီတစ်ဦးတို့က မိုင်းဖောက်ခွဲဖို့ လယ်ကွင်းမှာ စောင့်ဆိုင်းပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေရဲ့ကားကို မိုင်းဖောက်ခွဲခဲ့ပြီး ရွာကိုပြန်လာခဲ့တာလို့ တပ်မတော်သတင်းမှာဖော်ပြတယ်။ မာမွတ်ကာစီကို ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေပြီး ကွင်း ဆက်တရားခံတွေကိုလည်း ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်နေ တယ်လို့လည်း သိရပါတယ်။
5 years Ago
Up