နယ်ခြားစောင့်တပ်

September 3, 2015

အစိုးရတပ် ကော့ကရိတ်မြို့နယ်တွင်း နယ်မြေရှင်းစဉ် ချောင်းပစ်ခံရ၊ ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း အစိုးရတပ် နဲ့ ကရင်နယ်ခြားစောင့်တပ် ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ် ချောင်းပစ်ခံရလို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦးနဲ့ အရပ်သားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ စက်တင်ဘာ ၂ ရက်နေ့ နေ့ခင်းမှာ နယ်ခြားစောင့်တပ် အမှတ် ၁၀၁၉ က ကော့ကရိတ်မြို့နယ် ကောင်းမှုနဲ့ ပျားပင်ရွာ အနီးနားတ၀ိုက်မှာ နယ်မြေရှင်းလင်းရေးလုပ်ချိန် ချောင်းပစ်ခံရတာလို့ နယ်ခြားစောင့်တပ်ဖွဲ့ (ဘီဂျီအက်ဖ်) ပြောခွင့်ရ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။ “ကျနော်တို့လူတွေ အဲဒီမှာ အပိုင်းအပိုင်းလိုက် သူ့တပ်ခွဲအလိုက် နယ်မြေရှင်းလင်းရေး လုပ်တယ်။ လုပ်တဲ့အချိန်မှာ ပျားပင်နဲ့ ဆင်ပုန်းရွာအကြား ကျနော်တို့ဆီက ရဲဘော်တယောက် ဈေးဝယ်သွားချိန် သေနတ်နဲ့ ချောင်းပစ်ခံရတာပေါ့။ ကျနော်တို့ တပ်ခွဲစစ်ကြောင်းလည်း နီးတယ်လေ။ နီးတော့ လိုက်တော့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြတာပေါ့။ ရွာသားကတော့ ရွှေကုက္ကိုကပါပဲ။ သူက ရိက္ခာသွားပို့တော့ သေနတ်အစ မှန်သွားတာပေါ့။ ကျနော်တို့တပ်သားကတော့ အနောက်ဇက်ပိုးကနေပြီး မျက်နှာမှာ လာပေါက်ထွက်တယ်။ စိုးရိမ်ရတယ်။” ဒဏ်ရာရရှိတဲ့ ရွာသားနဲ့ တပ်သားကိုတော့ မနေ့က မြ၀တီမြို့နယ် ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ကုသခဲ့ပါတယ်။ မနေ့ကဖြစ်စဉ်မှာ လာရောက်ချောင်းပစ်သူတွေဟာ အရပ်သားအ၀တ်ကို ၀တ်ဆင်ထားတဲ့အတွက် ဒါဟာ အရပ်သားကို ထိခိုက်နိုင်တယ်လို့လည်း ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။ မနေ့တုန်းက နယ်မြေရှင်းလင်းရေးလုပ်ချိန် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကောင်းမှုကျေးရွာ ကောင်းခီး (ခေဘောကျိုးတောင်တန်း) မှာ နယ်ခြားစောင့်တပ်က မူးယစ်ဆေးပြား အရေအတွက် သိန်းနဲ့ချီပါတဲ့ သေတ္တာတလုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။
6 years Ago

June 17, 2015

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပစ်ခတ်မှုဖြစ်၊ နှစ်ဘက်ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မောင်တောမြို့နယ် နတ်မြစ်ဝမှာ ဒီကနေ့ မနက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ မြန်မာနယ်ခြားစောင့်တပ်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဘက်စလုံး ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကနေ မြန်မာရေပိုင်နက်ဘက်ကို ကျွံဝင်လာတဲ့ လှေတစီးကြောင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ရခိုင်ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။ “မနက် ၆ နာရီလောက်မှာ ဟိုဘက်က ကျနော်တို့ မြန်မာ့ရေပိုင်နက်မှာပေါ့။ ဒီနယ်စပ်နားမှာပဲ။ လှေတစီးတွေ့တာပေါ့။ မသင်္ကာဖွယ် လှေတစီးတွေ့လို့ မြန်မာဘက်က နယ်ခြားစောင့်ရဲကနေပြီး လှမ်းတားတာပေါ့။ လှမ်းခေါ်တော့ ဟိုဘက်က လှေကနေပြီး လက်နက်ငယ်နဲ့ စပစ်တယ်။ လှေပေါ်ကနေပြီးတော့။ ပစ်တော့ ဒီဘက်ကလည်း ပြန်ပစ်တာပေါ့။” ဒီပစ်ခတ်မှုကြောင့် နယ်ခြားစောင့် ရဲတပ်ရင်းအမှတ် ၄ က ရဲဘော်တဦး ခြေဖ၀ါးမှာ သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းတပုဒ်မှာတော့ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
6 years Ago
Up