နယ်သာလန်သံအမတ်ကြီး

August 30, 2018

နယ်သာလန်သံအမတ်ကြီးကို နိုင်ငံမှနှင်ထုတ်ရန် ပါကစ္စတန် အစ္စလာမ္မစ်ပါတီ တောင်းဆို

ပါကစ္စတန် နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး အာဒီ စတိုယို့စ် ဘရာကန်ကို နိုင်ငံကနေ နှင်ထုတ်ဖို့ အစ္စလာမ္မစ်ပါတီတခုက သြဂုတ် ၂၉ ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ်။ မွတ်စလင် တမန်တော် မိုဟာမက်ရဲ့ပုံကို ကယ်ရီကေးချား ကာတွန်းရုပ်နဲ့ ပုံဖော်ထားတဲ့ ကာတွန်းပြိုင်ပွဲ ကျင်းပမှုကို ဆန့်ကျင်ပြီး တာရိခ် အီလာဗိုက်ခ်ပါတီက ဆန္ဒပြပွဲကို စီစဉ်ခဲ့ပါတယ်။ နယ်သာလန်ဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးကိုလည်း အစိုးရက ပြန်ခေါ်ဖို့ ပါတီခေါင်းဆောင် ခါဒင်းမ် ဟူစိန် ရစ်ဇ်ဗီက တောင်းဆိုပါတယ်။ နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့ထဲမှာ တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာ စုရုံးဆန္ဒပြခဲ့တာပါ။ နယ်သာလန်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ဖို့ကိုလည်း ပါကစ္စတန် ဝန်ကြီးချုပ်အသစ် အမ်ရန် ခန်းကို ဖိအားပေးရင်း ထိုင်သပိတ် မှောက်ခဲ့ကြပါတယ်။ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရှား မာမွတ် ကူရေးရှီးကတော့ ဒီအရေးကို ကုလသမဂ္ဂနဲ့ရော ကမ္ဘာ့ခေါင်းဆောင် အတော်များများနဲ့လည်း ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ ပါကစ္စတန် အထက်လွှတ်တော်ကလည်း ဒတ်ခ်ျပြိုင်ပွဲကို တနင်္လာနေ့က ပြစ်တင် ရှုတ်ချပါတယ်။ တမန်တော် မိုဟာမက်ကို ပုံဖော်တာတွေကို အစ္စလာမ်ဘာသာမှာ ရုပ်တုကိုးကွယ်မှု အဖြစ် အစဉ်အလာအရ သတ်မှတ်တားမြစ်ထားပါတယ်။ ကယ်ရီကေးချား ကာတွန်းရုပ်ပြောင်အဖြစ် ပုံဖော်မှုကို မွတ်စလင်အများစုက အလွန်အကျူး စော်ကားမှုအဖြစ် သတ်မှတ်ကြပါတယ်။
3 years Ago
Up