နယ်သာလန်နည်းပြ

June 30, 2015

ဂူစ် ဟစ်ဒစ် နယ်သာလန်နည်းပြအဖြစ်မှ နုတ်ထွက်

နည်းပြ ဂူစ် ဟစ်ဒစ်ဟာ နယ်သာလန်လက်ရွေးစင် နည်းပြအဖြစ်ကနေ နုတ်ထွက်လိုက်ပါတယ်။ အသက် ၆၈ နှစ်အရွယ် ဟစ်ဒစ်ဟာ နယ်သာလန်အသင်းမှာ နည်းပြအဖြစ် ၁၀ လကြာ လုပ်ကိုင်အပြီး စာချုပ်သက်တမ်း မကုန်ခင် နုတ်ထွက်သွားတာပါ။ သူကိုင်တွယ်တဲ့ ကာလအတွင်း နယ်သာလန်အသင်း ကစားတဲ့ ၁၀ ပွဲမှာ  ၅  ပွဲရှုံးပြီး ၄ ပွဲပဲ အနိုင်ရထားပါတယ်။ အခုလို နုတ်ထွက်တဲ့လမ်းကို ရွေးလိုက်ရတဲ့အတွက် ၀မ်းနည်းကြောင်း ဟစ်ဒစ်က ပြောဆိုထားပါတယ်။ နယ်သာလန်အသင်းကို လက်ထောက်နည်းပြက လောလောဆယ် ကိုင်တွယ်သွားမှာပါ။ နယ်သာလန်အသင်းဟာ ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် ခြေစစ်ပွဲ ယှဉ်ပြိုင်နေပြီး အုပ်စုတွင်းမှာ ရလဒ်တွေ မကောင်းဘဲ တတိယနေရာမှာ ရပ်တည်နေပါတယ်။ အုပ်စု (အေ) မှာပါတဲ့ နယ်သာလန်ဟာ အုပ်စုဗိုလ်ဖြစ်တဲ့ အိုက်စလန်အသင်းရဲ့ နောက် ၅ မှတ်ကွာပြီး ဒုတိယဖြစ်တဲ့ ချက်အသင်းရဲ့ နောက် ၃ မှတ်အကွာမှာ ရှိနေတာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ အမှတ်အများဆုံးရတဲ့ ၂ သင်းက တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ပြီး လာမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ၀င်ရောက်ခွင့် ရရှိမှာပါ။ နယ်သာလန်အသင်းကနေ နုတ်ထွက်သွားတဲ့ နည်းပြ ဟစ်ဒစ်ဟာ နည်းပြသက် ၂၈ နှစ်အတွင်းမှာ ရီးရဲလ်မက်ဒရစ်၊ ချယ်လ်ဆီး၊ ပီအက်စ်ဗွီ၊ ရုရှား၊ သြစတြေးလျ၊ တူရကီနဲ့ တောင်ကိုရီးယား စတဲ့အသင်းတွေမှာ  နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။
6 years Ago
Up