နယ်စပ်စောင့်ကြည့်ရေး

January 14, 2018

နယ်စပ်စောင့်ကြည့်ရေး အလုံး ၁၀၀ မြောက် ဂြိုဟ်တု အိန္ဒိယ လွှင့်တင် (ရုပ်သံ)

အိန္ဒိယနိုင်ငံဟာ နယ်စပ်ကို စောင့်ကြည့်ရာမှာသုံးမယ့် အလုံး ၁၀၀ မြောက် ဂြိုဟ်တုကို ဇန်န၀ါရီ ၁၂ ရက်နေ့မှာ လွှင့်တင်လိုက်ပါတယ်။ အိန္ဒိယနိုင်ငံဟာ တနေ့တည်းမှာ အသေးစားဂြိုဟ်တု စုစုပေါင်း ၃၁ လုံးကို လွှင့်တင်ခဲ့တာပါ။ လွှင့်တင်လိုက်တဲ့ မိုက်ခရိုနဲ့နာနို ဂြိုဟ်တုစုစုပေါင်းရဲ့တ၀က်လောက်ဟာ အမေရိကန်နိုင်ငံ အတွက်ဖြစ်ပြီး ကျန်တဲ့ဂြိုဟ်တုတွေက အိန္ဒိယ၊ ကနေဒါ၊ ဖင်လန်၊ ပြင်သစ်၊ တောင်ကိုရီးယားနဲ့ ဗြိတိန်နိုင်ငံတို့အတွက် ဖြစ်ပါတယ်။ အခုဂြိုဟ်တုတွေကို နယ်စပ်စောင့်ကြည့်ရေးနဲ့ ကမ္ဘာမြေရုပ်ပုံတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်ရေး ရည်ရွယ်ပါတယ်။ အိန္ဒိယ အာကာသသုတေသနအဖွဲ့ဟာ ဂြိုဟ်တုတွေကို ပိုလာ ဂြိုဟ်တုလွှင့်တင်ယာဉ်ကို သုံးပြီး အန်ဒါပရာဒေ့ရှ် ပြည်နယ်ထဲက သီရိဟာရိကိုတာ သဲကျွန်းတုကနေ လွှင့်တင်ခဲ့တာပါ။ အိန္ဒိယရဲ့ အာကာသအစီ အစဉ်ဟာ အသုံးစရိတ် အမေရိကန်ဒေါ်လာသန်း လေးထောင်နီးပါးအထိရှိပါတယ်။ ကမ္ဘာတစ်ဝှမ်း အာကာသဆိုင်ရာ ၀န်ဆောင်မှုတွေကို ကုန်ကျစရိတ်နည်းနည်းနဲ့ပေးပြီး အမေရိကန်ဒေါ်လာ ဘီလျံ ၃၀၀ ကျော်တန်ဖိုးရှိတဲ့ ကမ္ဘာတစ်ဝှမ်းအာကာသဆိုင်ရာလုပ်ငန်းမှာ နေရာများများရယူဖို့ အိန္ဒိယနိုင်ငံက ရည်ရွယ်ထားတယ်လို့ ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။
3 years Ago
Up