နယ်စပ်ချိုးဖောက်ဝင်ရောက်ရန် ကြိုးစားသည့် ဒုက္ခသည်များကို မက်ဆီဒိုးနီးယားရဲတပ်ဖွဲ့ ပစ်ခတ်ဖြိုခွဲ

March 1, 2016

နယ်စပ်ချိုးဖောက်ဝင်ရောက်ရန် ကြိုးစားသည့် ဒုက္ခသည်များကို မက်ဆီဒိုးနီးယားရဲတပ်ဖွဲ့ ပစ်ခတ်ဖြိုခွဲ (ရုပ်သံ)

မက်ဆီဒိုးနီးယားနဲ့ ဂရိနိုင်ငံ နယ်စပ်တလျှောက် ချိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားတဲ့ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လူစုခွဲဖို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ မက်ဆီဒိုးနီးယား ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးခဲ့ပါတယ်။ လူအုပ်ကြီးက သံတံခါးကို ဖျက်ဆီးခဲ့ပြီး တချို့ ရွှေ့ပြောင်းနေထိုင်သူတွေက ထွက်သွားဖို့ ငြင်းဆန်ရင်း ထိုင်နေခဲ့တာပါ။ ဒုက္ခသည်တွေက မက်ဆီဒိုးနီးယားနိုင်ငံကို ဖြတ်သန်းသွားခွင့်အတွက် တောင်းဆိုနေကြပါတယ်။ ဂရိနဲ့ မက်ဆီဒိုးနီးယား နယ်စပ်က အီဒိုမေနီမြို့လေးမှာ ခန့်မှန်းခြေ လူအယောက် ၈၀၀၀ လောက် ရှိနေခဲ့တာပါ။ သူတို့ထဲက အများစုဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ နယ်စပ်တံခါးတွေ နာရီပေါင်း အတော်ကြာကြာ ပိတ်ထားအပြီး မက်ဆီဒိုးနီးယား အာဏာပိုင်တွေက နယ်စပ်ကို ဖွင့်ပေးခဲ့ပြီးပြီဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့လို့ ဖေဖော်ဝါရီ ၂၉ ရက် အစောပိုင်းက နယ်စပ်တလျှောက် ရုန်းရင်းဆန်ခတ် တိုးကြိတ်တာတွေ ဖြစ်ခဲ့ပါတယ်။ လူအုပ်က ဘလိတ်ဓားသံဆူးကြိုး ခြံစည်းရိုးနားမှာ စုရုံးခဲ့ပြီး သံချောင်းကို အသုံးပြုကာ ဝင်ပေါက်ကို တူးရင်း နှဲ့ဖြိုခဲ့ကြပါတယ်။ အနည်းဆုံး လူ ၂ ဦး လဲကျခဲ့တာကို ရိုက်တာ ရုပ်သံပုံရိပ်တွေက ပြထားပါတယ်။ ကျန်ခဲ့တဲ့ သီတင်းပတ်က ဂရိနိုင်ငံထဲမှာ ရွှေ့ပြောင်းနေထိုင်သူနဲ့ ဒုက္ခသည် အနည်းဆုံး အယောက် ၂ သောင်း ၂ ထောင်လောက် သောင်တင်နေခဲ့ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေက အလယ်ဥရောပနဲ့ မြောက်ဥရောပကို သွားဖို့ စင်္ကြန်လမ်းအဖြစ် သုံးနေတဲ့ ဘော်လ်ကန်နိုင်ငံတွေတလျှောက် နယ်စပ်ကန့်သတ်ချက်တွေ စတင် အကောင်အထည် ဖော်နေပါပြီ။
6 years Ago
Up