နယူးယောက်မြို့လယ်ခေါင်

November 1, 2017

နယူးယောက်မြို့လယ်ခေါင် စက်ဘီးစီးလာသူများကို ကားတစီးဖြတ်တိုက်၊ ၈ ဦးသေဆုံး

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လယ်ခေါင်မှာ စက်ဘီးစီးလာသူတွေကို ပစ်ကပ်ကားတစီးက ဖြတ်ကြိတ်တိုက်ခဲ့လို့ အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အောက်တိုဘာ ၃၁ ရက် ညနေ ၃ နာရီဝန်းကျင်လောက်က မန်ဟက်တန်ရပ်ကွက်ထဲက စက်ဘီးစီးရာ သီးသန့်လမ်းတခုထဲမှာ ဖြစ်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူဟာ ကားနဲ့ လူအုပ်စုကြားကို ဝင်ရောက်တိုက်ခဲ့တာပါ။ အသက် ၂၉ နှစ်အရွယ် အဲဒီယာဉ်မောင်းဟာ ကျောင်းကားတစီးကို ဝင်တိုက်ခဲ့ပြီးနောက် ကားကိုထားခဲ့ကာ ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရဲတွေက သူ့ကို သေနတ်နဲ့ပစ်ခတ်ပြီး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကားနဲ့ဝင်တိုက်မှုကြောင့် အခင်းဖြစ်နေရာမှာ ၆ ဦး သေဆုံးခဲ့ပြီး ဆေးရုံမှာ ၂ ဦး သေဆုံးသွားခဲ့တာပါ။ ကျောင်းကားကို ဝင်တိုက်ခဲ့တာကြောင့် ကလေး ၂ ဦးနဲ့ လူကြီး ၂ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ အခုတိုက်ခိုက်မှုဟာ မနှစ်တုန်းက ဥရောပဒေသတွင်း တိုက်ခိုက်မှုတွေနဲ့ ပုံစံတူညီတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူး ကရိုမိုက ပြောခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ တရားခံအမျိုးသားရဲ့ အမည်ကို ဆေဖူလို ဆိုင်ပေါ့ဗ်လို့ ဖော်ပြပြီး သူဟာ ၂၀၁၀ ပြည့်နှစ်က အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းလာခဲ့သူဖြစ်ကြောင်း သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူ့ရဲ့ကားထဲမှာလည်း အင်္ဂလိပ်လို ရေးသားထားတဲ့ အိုင်အက်စ် အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့ သံသယဖြစ်ဖွယ် စာတစောင်ကို တွေ့ရှိခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လက်ရှိမှာတော့ တရားခံဖြစ်သူ အမျိုးသားကိုလည်း ဆေးကုသမှု ခံယူနိုင်ဖို့ ဆေးရုံ ပို့ဆောင်ထားခဲ့တယ်လို့ ဆိုပါတယ်။
4 years Ago

May 19, 2017

နယူးယောက်မြို့လယ်ခေါင် လူအုပ်စုတွင်း ကားတစီးဖြင့် သိမ်းကျုံးတိုက်သည့်ရုပ်သံ ထွက်ပေါ်

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ တိုင်းမ်စကွဲရင်ပြင်ထဲမှာ လူတယောက်က ကားတစီးနဲ့ လူအုပ်စုထဲကို သိမ်းကျုံးတိုက်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့ပါတယ်။ မေလ ၁၈ ရက်နေ့က ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်မှာ ကားနဲ့တိုက်ခံရမှုကြောင့် အမျိုးသမီးတဦး သေဆုံးကာ အနည်းဆုံး လူ ၂၂ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ နယူးယောက်မြို့တော်ဝန်က ပြောပါတယ်။ “ဒီယာဉ်တိုက်မှုမှာ အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ လက္ခဏာတွေတော့  မတွေ့ခဲ့ရပါဘူး” လို့ မြို့တော်ဝန် ဘီလ်ဒီဘလက်စီရိုက ပြောပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ အဲဒီကားဟာ အရှိန်နဲ့ မောင်းနှင်လာတာဖြစ်ပြီး လမ်းဘေးပလက်ဖောင်းပေါ်ကို တက်ကာ တဟုန်ထိုး တိုက်မိခဲ့တာလို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်မှာ အသက် ၁၈ နှစ်အရွယ် အယ်လစ်ဆာ အယ်လ်စ်မန်ဟာ နေရာတင် သေဆုံးခဲ့ရပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ ပြစ်မှုကျူးလွန်သူ အသက် ၂၆ နှစ်အရွယ် ရစ်ချတ် ရိုဂျက်စ်ကိုတော့ လမ်းသွားလမ်းလာတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတာပါ။ လက်ရှိမှာတော့ ရဲတွေက လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ရစ်ချတ် ရိုဂျက်စ်ဟာ အမေရိကန်နိုင်ငံ၊ ဘရွန့်ဇ်ခရိုင်မှာ နေထိုင်သူတဦးဖြစ်ကာ အမေရိကန် ရေတပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ပြစ်မှုမှတ်တမ်းရှိသူတဦး ဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းမ်စကွဲရင်ပြင်ဟာ နယူးယောက်မြို့မှာ အချက်အချာကျတဲ့ နေရာတခု ဖြစ်သလို ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ သွားရောက်လည်ပတ်လေ့ရှိတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အခင်းဖြစ်ပွားတဲ့ နေရာကို ရဲတပ်ဖွဲ့က ပိတ်ထားတယ်လို့ ဆိုပါတယ်။
4 years Ago
Up