အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရဲတွေက နှစ်သစ်ကူးအကြိုညအတွက် အဆင်သင့် ဖြစ်နေပြီလို့ မြို့တော်ဝန်က ဒီဇင်ဘာ ၂၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
မြင်ရမယ့် အရာရှိတွေရော မမြင်ရတဲ့ အရာရှိတွေပါရှိနေမယ်၊ မြင်ရတဲ့ လုံခြုံရေး ဆောင်ရွက်ချက်တွေရော မမြင်ရတဲ့ လုံခြုံရေး ဆောင်ရွက်ချက်တွေပါ ရှိနေမယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
မြို့ရဲ့ အထင်ရှားဆုံး နှစ်သစ်ကူးပွဲအတွက် ရဲအရာရှိ အယောက် ၆၀၀၀ က ပွဲတော်လာသူတွေကို စောင့်ရှောက်သွားမယ်လို့လည်း ဆိုပါတယ်။
၁၉၀၇ ခုနှစ်က စပြီး ခုထိ အစဉ်အလာ ဆောင်ရွက်နေကျ နှစ်သစ်ကူး ဘောလုံးချမယ့် အစီအစဉ်အတွက် တိုင်းမ်စကွဲရင်ပြင်ကို ခန့်မှန်းခြေ လူ ၁ သန်းလောက် လာမယ်လို့ မျှော်လင့်ထားပါတယ်။
မြေအောက်ဘူတာရုံတွေနဲ့ လမ်းတွေပေါ်မှာ ဝတ်စုံပြည့်ရဲတွေ ထောင်နဲ့ချီ တာဝန်ချထားမယ်၊ ကောင်းကင်မှာရော ရေကြောင်းလမ်းမှာပါ နယူးယောက်မြို့ပတ်လည် အားလုံး လုံခြုံရေးချထားတယ်၊ တိုင်းမ်စကွဲရင်ပြင် တခုတည်းမှာ အရာရှိ အယောက် ၅၀၀၀ ကျော် တာဝန်ချထားမယ်လို့ နယူးယောက်မြို့ ရဲဌာန အကြီးအကဲက ပြောပါတယ်။
ယာဉ်ကြောထိန်းချုပ်ရေး အရာရှိ ရာနဲ့ချီပြီး ရှိနေမယ်၊ ရွေ့လျားကင်မရာတွေအပြင် ဓာတုနဲ့ ဓာတ်ရောင်ခြည် ထောက်လှမ်းရေး ကိရိယာတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေကို အာရုံခံဖို့ ရဲခွေးတွေ၊ မြင်းစီးပုလိပ်တွေ၊ ရဲလှေနဲ့ ရဲရဟတ်ယာဉ်တွေလည်း ပါမယ်၊ အရပ်ဝတ်ရဲတွေက လူအုပ်ထဲမှာ စောင့်ကြည့်နေချိန် အရေးပေါ်ကိစ္စတွေအတွက် ရဲတွေက သံသယဖြစ်စရာ လှုပ်ရှားမှုတွေကို ရှာနေမယ်လို့ သူက ဆက်ပြောပါတယ်။
မြို့အစိုးရဟာ အကျပ်အတည်း တုံ့ပြန်ရေး အကြမ်းဖက်မှုဆန့်ကျင်ရေး တပ်ဖွဲ့သစ်ကိုလည်း တာဝန်ချမှာဖြစ်ပြီး လက်နက်အကြီးအကျယ် တပ်ဆင်ထားတဲ့ အရာရှိတွေက တိုင်းမ်စကွဲရင်ပြင်ကို ကင်းလှည့်မှာပါ။
ရဲကော်မရှင်နာမင်းကြီး ဝီလျံ ဘရတ်တွန်ကတော့ နယူးယောက်မြို့အတွက် သေချာတဲ့ ခြိမ်းခြောက်မှု မရှိသေးဘူးလို့ ပြောပါတယ်။
ဒီဇင်ဘာ ၃၁ ရက် မနက်က စပြီး ရဲတွေက ရှာဖွေစစ်ဆေးမှုတွေ၊ အရံအတား ထားရှိတာတွေကို လုပ်ဆောင်မှာပါ။
ဒါ့အပြင် ကျောပိုးအိတ်တွေနဲ့ လက်ဆွဲအိတ်ကြီးတွေကိုလည်း သတ်မှတ်နေရာထဲ ယူဆောင်မှုကို တားမြစ်မှာ ဖြစ်ပါတယ်။
အိတ်တွေအားလုံးကို ရှာမှာဖြစ်သလို လူတိုင်းကိုလည်း သတ္တုရှာတဲ့ လျှပ်စစ်ကိရိယာတွေ သုံးပြီး ရှာဖွေသွားမှာ ဖြစ်ပါတယ်။
7 years Ago