နယူးယောက်ဖက်ဒရယ်တရားရုံး

March 15, 2019

ဟွာဝေးကုမ္ပဏီက အပြစ်မရှိကြောင်း နယူးယောက် ဖက်ဒရယ်တရားရုံးတွင် လျှောက်လဲ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဖက်ဒရယ်တရားရုံးတခုမှာ ဟွာဝေးကုမ္ပဏီအပေါ် စွဲချက်တင်ထားတဲ့ အမှု ၁၃ ခုနဲ့ ပတ်သက်ပြီး အပြစ်မရှိဘူးလို့ ကုမ္ပဏီက မတ်လ ၁၄ ရက်နေ့မှာ လျှောက်လဲလိုက်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေးပစ္စည်း ဖန်တီးထုတ်လုပ်သူ ဟွာဝေးကုမ္ပဏီကို ဘဏ်နဲ့ ဆက်သွယ်ရေးလိမ်လည်မှု၊ အီရန်နိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်မှု စည်းမျဉ်းတွေကို ချိုးဖောက်မှုနဲ့ တရားမျှတမှုအပေါ် ပိတ်ပင်တားဆီးမှုတွေနဲ့ စွဲချက်တင်ထားတာပါ။ ဒါနဲ့ပတ်သက်လို့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေး အမှုဆောင်အရာရှိချုပ် မန်ဝမ်ကျိုးဟာ ၂၀၁၈ ဒီဇင်ဘာလမှာ ကနေဒါနိုင်ငံကို ရောက်နေချိန် အမေရိကန်အစိုးရ မေတ္တာရပ်ခံချက်နဲ့ အဖမ်းခံရပါတယ်။ လက်ရှိ ကနေဒါနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မန်ဝမ်ကျိုးဟာ သူ့အနေနဲ့ ပြစ်မှုကျူးလွန်တာ မရှိဘူးလို့ ပြောပြီး အမေရိကန်နိုင်ငံဆီ ပြန်ပို့မခံရရေး ကြိုးပမ်းနေပါတယ်။ အမေရိကန်က ဟွာဝေးကုမ္ပဏီဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးနေတယ်လို့ စွပ်စွဲပြီး ဟွာဝေးပစ္စည်းတွေ မသုံးကြဖို့လည်း မဟာမိတ်တွေကို တိုက်တွန်းထားပါသေးတယ်။ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ဟွာဝေးဘက်က အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ အဲဒီပြဿနာကြောင့် အမေရိကန်နဲ့ တရုတ်အကြား နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုတွေလည်း မြင့်တက်ခဲ့ပါတယ်။ မတ်လ ၁၄ ရက်နေ့ ရုံးတင် တရားစွဲဆိုမှုမှာ ဟွာဝေးကုမ္ပဏီ ရှေ့နေဖြစ်သူက ကုမ္ပဏီနဲ့ လက်အောက်ခံ ကုမ္ပဏီတွေကိုယ်စား အယူခံ လျှောက်လဲခဲ့ပါတယ်။
2 years Ago
Up