ကမ္ဘာ့လူဦးရေ အသိပ်သည်းဆုံး မြို့တွေထဲက တခုဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ အန္တရာယ်သင့်လောက်တဲ့ လေထုညစ်ညမ်းမှုကို လျှော့ချဖို့ ကန့်သတ် လုပ်ဆောင်ချက်တွေကို ဇန်န၀ါရီ ၁ ရက်နေ့မှာ စတင်လိုက်ပါတယ်။
ကိုယ်ပိုင်ကားတွေကို ကားနံပါတ် စုံကိန်း မကိန်းပေါ် အခြေခံပြီး တရက်စီ အလှည့်ကျ သုံးစွဲဖို့ ကန့်သတ်လိုက်တာပါ။
မြို့တွင်း လေထုညစ်ညမ်းမှုရဲ့ အကြီးဆုံး အကြောင်းရင်းတွေထဲက တခုကို တဝက်လျှော့ချဖို့ ရည်ရွယ်ထားပါတယ်။
ဒေလီပြည်နယ်အုပ်ချုပ်ရေးမှူးက ရလဒ်နဲ့ တုံ့ပြန်မှုကို မူတည်ပြီး နောက်ထပ် လုပ်ငန်းစဉ်တွေကို စဉ်းစားမယ်လို့ ပြောပါတယ်။
မကိန်း ကားနံပါတ်တွေက မဂဏန်းနေ့တွေမှာ မောင်းရမှာဖြစ်ပြီး စုံကိန်း ကားနံပါတ်တွေက စုံဂဏန်းနေ့မှာ မောင်းဖို့ ဇန်နဝါရီ ၁ ရက်ကနေ ၁၅ ရက်ထိ သတ်မှတ်ထားပေမယ့် တနင်္ဂနွေနေ့မှာတော့ ကားနံပါတ် ကန့်သတ်မောင်းနှင်စရာ မလိုပါဘူး။
ဒီစိန်ခေါ်မှုအတွက် သူ့တပ်ဖွဲ့ကို အရှိန်တင်ထားတယ်လို့ ဒေလီရဲချုပ် ဘီအဲ့စ် ဘတ်စ်စီက ပြောပါတယ်။
ဒီစည်းမျဉ်းသစ်ထဲမှာ အစိုးရအဖွဲ့ အရေးကြီးပုဂ္ဂိုလ်တွေ၊ ပြည်သူ့စစ်တပ်ဖွဲ့တွေ၊ လူနာတင်ယာဉ်လို အရေးပေါ် ဝန်ဆောင်မှုအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့နဲ့ အလားတူအဖွဲ့တွေ ကင်းလွတ်ခွင့် ရထားပါတယ်။
စည်းမျဉ်းကို ချိုးဖောက်ရင်တော့ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃ နဲ့ ညီမျှတဲ့ ရူပီးငွေ ၂၀၀၀ ဒဏ်ငွေပေးဆောင်ရမှာပါ။
ဒေလီမြို့မှာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လုံလောက်အောင်မရှိလို့ ဘတ်စ်ကားအပိုတွေ ထပ်ပြီး ပြေးဆွဲမယ်လို့ သူက ဆက်ပြောပါတယ်။
ကျောင်းသားတွေအတွက် အစိုးရက စီစဉ်ပေးမှာဖြစ်ပြီး ဒီလုပ်ရပ်ဟာ ကျနော်တို့ အသက်တွေ၊ ကျန်းမာရေးတွေအတွက် အရေးကြီးတယ်လို့လည်း ကျောင်းသားတွေကို ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (ဒဗလျူအိတ်ခ်ျအို) က ကမ္ဘာ့အညစ်ညမ်းဆုံးမြို့ ၂၀ ထဲမှာ ၁၃ မြို့က အိန္ဒိယမှာရှိနေပြီး လူဦးရေ ၁၆ သန်းနေတဲ့ ဒေလီက ကမ္ဘာ့လေထု အရည်အသွေး အဆိုးရွားဆုံးလို့ မနှစ်က အစီရင်ခံစာထဲမှာ ပြောပါတယ်။
ဒေလီအစိုးရကတော့ ဒီတွေ့ရှိချက်ကို ငြင်းပါတယ်။
မြို့တွင်း လေထုညစ်ညမ်းစေတယ်လို့ ရှုမြင်ခံရတဲ့ ဒီဇယ်ကားတွေကို လုံးဝပိတ်သိမ်းဖို့ လိုနေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
လှုံ့ဆော်သူတွေကတော့ ကားအားလုံးကို နှစ်စဉ် အခွန်ကောက်ဖို့နဲ့ ကားရပ်နားစရာ နေရာတွေ စီစဉ်ဖို့ စတဲ့ လုပ်ဆောင်ချက်တွေကို တောင်းဆို ဆော်သြခဲ့ပါတယ်။
မြို့တွင်း သက်တမ်း ၁၅ နှစ်ကျော်နေတဲ့ ကားအားလုံးကို ပိတ်ပင်ဖို့ ညွှန်ကြားချက်က နှောင့်နှေးနေတာပါ။
အရင် မြို့အစိုးရက တရားရုံးအမိန့်တွေကို မကြာခဏ လျစ်လျူရှုခဲ့ပါတယ်။
7 years Ago